လက်ဘနွန်နိုင်ငံမှာ ၂ ရက်အတွင်း လူပေါင်း ၃၇ ယောက် သေဆုံးပြီး အယောက် ၃,၀၀၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ ပေဂျာတွေနဲ့ ဝေါ်ကီတော်ကီစက်တွေ ပေါက်ကွဲမှုတွေဟာ အစ္စရေးက မဖြတ်ကျော်သင့်တဲ့စည်းကို ကျော်လွန်ကာ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ဖို့ ကြိုးပမ်းမှုပဲလို့ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေယစ်ဒ် ဟက်ဆန် နက်စ်ရယ်လာက စက်တင်ဘာ ၁၉ ရက် ရုပ်သံထုတ်လွှင့်မှုအတွင်း အစ္စရေးကို ရှုတ်ချခဲ့ပါတယ်။
ဒါဟာ စစ်ပွဲကြေညာမှု အလားအလာပဲလို့ မိန့်ခွန်းပြောကြားနေချိန်မှာပဲ လက်ဘနွန်မြို့တော် ဘေရွတ်ရဲ့ ကောင်းကင်ယံမှာ အစ္စရေးရဲ့ ဆောနစ်ခ် စစ်လေယာဉ်တွေ ပျံဝဲနေပြီး လေယာဉ်တွေက ဆူညံသံတွေ အကျယ်ကြီး ထွက်ပေါ်ခဲ့လို့ ဘေရွတ်ကို တုန်လှုပ်စေခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ဖွဲ့စည်းပုံ ယိမ်းယိုင်မသွားဘူးလို့လည်း နက်စ်ရယ်လာက ပြောဆိုခဲ့ပြီး ဟစ်ဇ်ဘိုလာအပေါ် အကျိုးသက်ရောက်မှုကိုလည်း ရှုတ်ချခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်မှာ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဆက်လက်ပစ်လွှတ် တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်အနီးရှိ နေအိမ်တွေနောက်ကို ကျရောက်ပေါက်ကွဲခဲ့ပုံရပြီး အစောပိုင်းက ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အစ္စရေးဘက်က အသေအပျောက် အများအပြားကို ဟိုင်ဖာမြို့ရှိ ဆေးရုံကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အစ္စရေးမီဒီယာတွေမှာတော့ လက်ဘနွန်ဘက်က တင့်ကားဖျက် ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် အစ္စရေးအရပ်သား အများအပြား ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ထားပေမဲ့ တရားဝင် အတည်မပြုနိုင်သေးပါဘူး။
အစ္စရေးဟာ လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို ညတွင်းချင်း တိုက်ခိုက်ခဲ့ကြောင်း အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း မွန်းလွဲပိုင်းက နယ်စပ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံတဝန်းမှာ ဟစ်ဇ်ဘိုလာရဲ့ ဆက်သွယ်ရေးကိရိယာတွေ တိုက်ခိုက်ခံရတဲ့အတွက် လက်ဘနွန်နဲ့ ဟစ်ဇ်ဘိုလာတို့က အစ္စရေးကို အပြစ်တင်ထားကြပါတယ်။
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ် မီကာတီက သူ့နိုင်ငံအပေါ် အစ္စရေးရဲ့ ရန်လိုမှုနဲ့ နည်းပညာစစ်ပွဲလို့ ခေါ်ဝေါ်တဲ့ လုပ်ရပ်ကို ရပ်တန့်စေဖို့အတွက် ခိုင်မာတဲ့ ရပ်တည်ချက်တရပ် ထားရှိပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်ကလည်း စစ်ပွဲရဲ့ အဆင့်သစ်မှာ သိသာထင်ရှားတဲ့ အခွင့်အလမ်းတွေသာမက သိသာထင်ရှားတဲ့ အန္တရာယ်တွေလည်း ရှိပေမဲ့ ဟစ်ဇ်ဘိုလာဟာ နှိပ်စက်ညှဉ်းပန်းခံနေရပါတယ်လို့ ခံစားစေရမှာဖြစ်ပြီး အစ္စရေးက စစ်ရေးအရ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source-Reuters