တောင်အမေရိကတိုက်မှာ စံချိန်တင် အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် ကမ္ဘာ့ရေပမာဏ အများဆုံး စီးဆင်းတဲ့မြစ်ဖြစ်တဲ့ အမေဇုန်မြစ်ဝှမ်းက မြစ်တွေရဲ့ ရေမျက်နှာပြင်ဟာ သမိုင်းဝင် အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပါတယ်။
တချို့အခြေအနေတွေမှာ မြစ်ကြမ်းပြင်တွေပေါ်က ရေလမ်းကြောင်းတွေပါ ခန်းခြောက်သွားခဲ့ပါတယ်။
ပီရူးနိုင်ငံက အင်ဒီးစ် တောင်တန်းပေါ်ကနေ မြစ်ဖျားခံပြီး ရေထွက်အားကြီးတဲ့ အမေဇုန်မြစ်ရဲ့ အဓိကမြစ်လက်တက်တွေထဲက တခုဖြစ်တဲ့ ဆိုလီမိုးစ်မြစ် ရေမျက်နှာပြင်ဟာ ကိုလံဘီယာနဲ့ နယ်စပ် ဘရာဇီးမြို့ တာဘာတင်ဂါမှာ အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားခဲ့ပါတယ်။
ဆိုလီမိုးစ်မြစ်ရဲ့ မြစ်ခွဲ တေဖေကတော့ လုံးဝ ခန်းခြောက်သွားတာကို ရိုက်တာ သတင်းထောက်တွေက စက်တင်ဘာ ၁၇ ရက်မှာ ရဟတ်ယာဉ်ပေါ်ကနေ မြင်ခဲ့ရပါတယ်။
မနှစ်က မိုးခေါင်ရေရှားလို့ ရေချိုလင်းပိုင် အကောင် ၂၀၀ ကျော် သေဆုံးခဲ့တဲ့ အနားက တီဖေရေကန်လည်း ခန်းခြောက်သွားလို့ မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ပန်းရောင်နို့တိုက်သတ္တဝါ လင်းပိုင်တွေ နှစ်သက်တဲ့ နေထိုင်ရာနေရာတခု ဆုံးရှုံးသွားပါတယ်။
“၂၀၂၃ ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၅,၀၀၀ အတွင်း အပူဆုံးနှစ် ဖြစ်နေပါပြီ။ ဒီနှစ်ကတော့ မနှစ်ကစံချိန်တွေကို လပေါင်းများစွာ ချိုးဖျက်ခဲ့ပါတယ်” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီး ဂရင်းပိစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရိုမူလို ဘာတစ္စတာက ပြောပါတယ်။
၂ နှစ်ဆက်တိုက် မိုးခေါင်ရေရှားမှုကြောင့် ဘရာဇီးနိုင်ငံက အသီးအရွက် အမြောက်အမြား ခြောက်သွေ့ခဲ့ပြီး တောင်အမေရိကနိုင်ငံတဝန်း တောမီးတွေလောင်ခဲ့လို့ မြို့တွေကို မီးခိုးတွေက ဖုံးလွှမ်းထားပါတယ်။
Source-Reuters