အင်ဒိုနီးရှားနိုင်ငံ၊ စူမားတြားကျွန်းပေါ် အနောက်ဘက်စွန်းက အာချေးပြည်နယ်မှာ မိုးခေါင်နေလို့ ကောက်ပဲသီးနှံတေွ ပျက်စီးမယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။
လယ်ကွင်းတွေအားလုံး ဘယ်လိုမှ ဆက်မရပ်တည်နိုင်တော့လို့ ရေရှာဖို့ စက်တွေနဲ့ ရေတွင်းတူးထားရတယ်လို့ လယ်သူမကြီး နာလိုင်လာက ပြောပါတယ်။
ကျန်ခဲ့တဲ့ ၃ လလုံးလုံး မိုးမရွာခဲ့လို့ သူ့ကောက်ပင်တွေ ဆက်ရှင်သန်နိုင်ရေးအတွက် ရေစုပ်စက်တွေက တခုတည်းသော မျှော်လင့်ချက် ဖြစ်လာနေတာပါ။ ရေသွင်းမြောင်းတွေထဲမှာပါ ရေမရှိတော့ဘူးလို့ သူက ပြောပါတယ်။
မိုးခေါင်တာဟာ ရေချိုးဖို့လို နေ့စဉ်လိုအပ်ချက်ကိုပါ သက်ရောက်လာနေပါပြီ။ အာချေးပြည်နယ်က The Ie Spring အများသုံး ရေချိုးဆိပ်မှာ ရေခန်းလုနီးပါး ဖြစ်နေတာ တလနီးပါး ရှိနေပါပြီ။
ဒီနေရာဟာ ဒေသတွင်း တခုတည်းသော စမ်းချောင်းရှိရာ ရေအိုင်ဖြစ်ပြီး ခုတော့ အရေးပေါ် ရေကားတွေဆီက ရေတွေကို ရေစုပ်စက်နဲ့ သွင်းယူနေရပါတယ်။
မနှစ်က အင်ဒိုနီးရှားရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ စူမားတြားနဲ့ ဂျာဗားကျွန်းတွေမျာ ၂၀၁၉ နောက်ပိုင်း အဆိုးဆုံး ခြောက်သွေ့ရာသီကို ရင်ဆိုင်ခဲ့ရပါတယ်။
ပုံမှန်ထက်ပိုရှည်လျားတဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကို ခံစားခဲ့ရတာလို့ အင်ဒိုနီးရှား မိုးလေဝသဌာနက ဆိုပါတယ်။
မနှစ်ကစပြီး အပူချိန် သိသိသာသာ တက်လာတယ်လို့ မိုးလေဝသဌာန အကဲခတ်နဲ့ ဟောကိန်းထုတ်သူ ဟာရီဆာ ဘီဟက်ကီ ကယ်ဘီက ဩဂုတ် ၆ ရက်မှာ ပြောပါတယ်။
လတ်တလောနေ့တွေမှာ ဂျပန်၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံက မြို့တွေမှာ စံချိန်ကျိုးအောင် အပူချိန် မြင့်တက်ခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံအတွင်း ကြာရှည် ခြောက်သွေ့တဲ့ရာသီကြောင့် မိုးခေါင်ပြီး တောမီးလောင်မယ့်ဘေး မြင့်နေတယ်လို့ ရာသီဥတုအေဂျင်စီက ဇွန်လမှာ သတိပေးခဲ့ပါတယ်။
Source-Reuters