ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားအမှတ် ၁ မှာ ဒီနှစ်ထဲ စိုက်ထူထားတဲ့ Angle Of Maesai အမည်ရှိ တိုင်းရင်းသူဦးခေါင်းပိုင်း ရုပ်တုကို ဖယ်ရှားခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်ထိ ကာလတွေအတွင်း အဆိုပါနေရာမှာ ရေကြီးရေလျှံမှုတွေနဲ့ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး အနီးအနားရှိ ဈေးဆိုင်နဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပေမဲ့ အဲဒီရုပ်တုကတော့ အနည်းငယ်သာ ပွန်းပဲ့ခဲ့ပါတယ်။
အခုလိုမျိုး မယ်ဆိုင်မှာ မကြုံစဖူး ဆိုးရွားစွာ ရေကြီးရေလျှံမှုဒဏ် ခံရတာဟာ အဲဒီရုပ်တုက ခိုက်တာ၊ ရုပ်တုဟာ ကိုယ်ခန္ဓာမရှိဘဲ ခေါင်းပြတ်ကြီးဖြစ်ပြီး မယ်ဆိုင်ချောင်းရေက လျှံကျလာတဲ့ ရေတွေဟာ ရုပ်တုရဲ့ လည်ချောင်းသွေးတွေ ဖြစ်တယ်လို့ ဒေသခံတွေကြားမှာ လူပြောများလာတာကြောင့် သက်ဆိုင်ရာက ရုပ်တုကို ခုရက်ပိုင်းအတွင်း ပြန်လည်ဖယ်ရှားခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေးရိုးစွဲ အယူသီးသူတွေနဲ့ လက်မှုအနုပညာအမြင်ရှိသူတွေကြား အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ အနုပညာဟာ အယူသီးမှုကြားမှာ ပျောက်ကွယ်ရတယ်လို့လည်း ဝေဖန်ကြပါတယ်။
ထိုင်းအမျိုးသားယဉ်ကျေးမှုအနုပညာရှင်ဆုရ ဆရာချလိုမ်ချိုင်း ခိုးဆစ်ထိဖတ်ကလည်း “ရေကြီးတာဟာ ရုပ်တုကြောင့်လို့ ယိုးစွပ်နေကြတယ်၊ ရူးနေကြလား၊ ပန်းပုအနုပညာကို ဘာလို့ ယိုးစွပ်တာလဲ၊ ဘာကို ကြောက်နေကြတာလဲ၊ အနုပညာက ခင်ဗျားတို့ကို ဘာလုပ်နေလို့လဲ၊ အဲဒီရုပ်တုကို ပြန်ခေါ်ခဲ့၊ အဲဒီမှာမထားချင်ရင် ငါ့ရဲ့ ချင်းရိုင်း အနုပညာပြတိုက်မှာ ထားမယ်၊ ရုပ်တုကြောင့် ငါ့ပြတိုက်ကို ခိုက်ဦးမလား၊ ငါ့ပြတိုက် ပျက်စီးမှာလားဆိုတာ စောင့်ကြည့်၊ ဘယ်လောက်တောင် ရူးနေကြတာလဲ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောဆိုလိုက်ပါတယ်။
အဆိုပါရုပ်တုဟာ တံတားထိပ်မှာ မထားခင် ချင်းရိုင်းလေဆိပ်မှာလည်း ထားခဲ့ဖူးပြီး အဲဒီမတိုင်ခင်က ချင်းရိုင်းမြို့ပွဲတော်တွေရှိရင် အလှပြယာဉ်ပေါ်တင်ကာ စီတန်းလှည့်လည် ပြသခဲ့ဖူးပါတယ်။
ရုပ်တုကို တချို့က အခါတိုင်းရင်းသူ၊ တချို့က မုန့်(မြောင်ဇီး) တိုင်းရင်းသူလို့ ပြောဆိုနေကြပါတယ်။
ထုဆစ်သူ ပန်းပုဆရာ ကရိုင်းဝုဒ် ဒွန်းကျတ်ကတော့ အခါလည်း မဟုတ်၊ မြောင်ဇီးလည်း မဟုတ်၊ ချင်းရိုင်းဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၀ မျိုးရဲ့ သင်္ကေတတွေကို ပေါင်းစည်းထားတာလို့ ဆိုပါတယ်။ အရောင်အသွေးစုံတဲ့ တိုင်းရင်းသူတွေရဲ့ ချစ်စရာ ဆင်ယင်ထုံးဖွဲ့မှုတွေကို ပေါင်းစပ်ထားတာလို့ ပြောပါတယ်။
နိုင်ငံခြားသား အပါအဝင် အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်တွေကတော့ မယ်ဆိုင် ရောက်ရင် အဲဒီရုပ်တုမှာ အမှတ်တရ ဓာတ်ပုံရိုက်လေ့ရှိကြပါတယ်။
Source: Thairath / CH 8 TV News