Home
မြန်မာသတင်း
ရေဘေးသင့် မြန်မာပြည်သူများအတွက်   နိုင်ငံတကာက အကူညီများပေးပို့ 
DVB
·
September 19, 2024
photo Crd-Singapore (MINDEF)

အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးမြေပြိုမှုတွေကြောင့် လူတွေ ရာနဲ့ချီ သေဆုံး၊ သိန်းနဲ့ချီ ရေးဘေးဒုက္ခခံစားရပြီး ပျက်စီးဆုံးရှုံးမှုတွေ အများအပြားကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက အကူအညီထောက်ပံ့ရေး ပစ္စည်း တွေ ပေးပို့နေကြသလို ကူညီပေးဖို့ လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန် ကြေညာထားပါတယ်။

စင်ကာပူနိုင်ငံ စစ်တပ် (SAF) အနေနဲ့ မြန်မာ၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကို လူသားချင်းစာနာမှု အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့သွားမယ့်အကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စင်ကာပူစစ်တပ်က လေယာဉ် ၃ စီးနဲ့ ပေးပို့သွားမယ့် အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေထဲမှာတော့ စောင်၊ တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း၊ ရေသန့်စက်နဲ့ ရိက္ခာခြောက် စတာတွေ ပါဝင်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာ ခရစ်ရှ် နန်က “ယာဂီတိုင်ဖွန်းမုန်တိုင်းအပြီး ဘေးဒဏ်သင့် မြန်မာ၊ ဗီယက်နမ်၊ လာအိုနိုင်ငံတွေနဲ့ အတူ စင်ကာပူနိုင်ငံက ရပ်တည်နေပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ စက်တင်ဘာ ၁၈ ရက်က ရေးသားမျှဝေထားသလို မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ပထမအသုတ်အနေနဲ့ ရန်ကုန်ကို ပို့ဆောင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှု ဒဏ်ခံခဲ့ရတဲ့ဒေသရှိ မြန်မာပြည်သူတွေကို ဖြန့်ဝေဖို့အတွက် အိန္ဒိယလေတပ်က သယ်ယူပို့ဆောင်‌ရေးလေယာဉ်နဲ့ သယ်ဆောင်လာတဲ့ လူသားချင်းစာနာမှု အကူအညီပစ္စည်း တန်ချိန် ၃၂ တန် နေပြည်တော်လေဆိပ်ကို စက်တင်ဘာ ၁၇ ရက်က ရောက်လာသလို  အိန္ဒိယရေတပ်က  စစ်ရေယာဉ် INS Satpura (F-48)  စစ်ရေယာဉ်နဲ့ သယ်ဆောင်တဲ့  လူသားချင်းစာနာမှု အကူအညီပစ္စည်း ၂၁ တန် ရန်ကုန် သီလဝါဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။ ဒီအကူအညီပစ္စည်းတွေကို အိန္ဒိယ သံအမတ်ကြီးက စစ်ကောင်စီဝန်ကြီးထံ လွှဲပေးခဲ့ပါတယ်။ 

အလားတူ ဥရောပသမဂ္ဂ (EU) ကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ဖို့အတွက် အရေးပေါ်အကူအညီ ယူရိုငွေ ၁ ဒသမ ၂ သန်း ကောက်ခံရရှိခဲ့ပြီး အထောက်အပံ့ပေးဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ပြန်ပါတယ်။

ဥရောပသမဂ္ဂဟာ အလိုအပ်ဆုံးသောသူတွေထံသို့ အကူအညီတွေ ရောက်ရှိစေဖို့ နောက်ထပ် သေချာတဲ့ ရန်ပုံငွေတွေရဖို့  မိတ်ဖက်တွေနဲ့ လုပ်ဆောင်နေပြီး ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်ခံစားရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ဝမ်းနည်းတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့က ပြောပါတယ်။ 

နော်ဝေးနိုင်ငံကတော့ UNOPS ရဲ့ ဘက်စုံရန်ပုံငွေယန္တရားအလှူရှင်တွေနဲ့ ပူးပေါင်းကာ ရေဘေးသင့် ရပ်ရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့ အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀ ကို ကနဦးထောက်ပံ့ခဲ့ပါတယ်။

ဒီထောက်ပံ့မှုမှာ အမိုးအကာ၊ အစားအစာ၊ ရေသန့်၊ အခြေခံဆေးဝါးနဲ့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ ပါဝင်ပြီး နော်ဝေးကြက်ခြေနီအသင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေတဆင့် အသုံးအဆောင်ပစ္စည်းတွေ၊ ကျန်းမာရေးအတွက် ငွေသားနဲ့ အစားအသောက်ပါဆယ်ထုပ်တွေ  ဖြန့်ဝေပေးနေတယ်လို့  ရန်ကုန်အခြေစိုက် နော်ဝေ သံရုံးက ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်တဲ့ ရေကြီးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် နိုင်ငံတဝန်းမှာ  အကျိုးသက်ရောက်မှုခံရသူတွေနဲ့ ထိခိုက်လွယ်သူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ဖို့ ဆောင်ရွက် နေတယ်လို့  အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီတဲ့ လူသားချင်းစာနာမှုအကူအညီတွေ အပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ တကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းတွေနဲ့ တခြား အရေးပါတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို အကူအညီအလိုအပ်ဆုံးသူတွေထံ ပေးပို့ရာမှာ ချောမွေ့မှုရှိစေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို  အမေရိကန်က တောင်းဆိုပါတယ်။

ယူကေအစိုးရကတော့ အခုအချိန်ဟာ မြန်မာနိုင်ငံတဝန်းရှိ လူမှုအသိုက်အဝန်းများစွာက ပြင်းထန်တဲ့ ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့နေရတဲ့အချိန်အခါလည်းဖြစ်တာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် သတိရမေတ္တာပို့ဆုတောင်းပေးနေတယ်၊ ယူကေအစိုးရက ငွေသားအကူအညီ သာမက လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးဖို့ လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ယူကေသံရုံးက ထုတ်ပြန်ပါတယ်။

ကနေဒါနိုင်ငံကလည်း ပြင်းထန်တဲ့ရေကြီးမှုကြောင့် အသက်ဆုံးရှုံးမှု အများအပြား ဖြစ်ပွားခဲ့တာ၊ လူနေအိမ်တွေ၊ အဆောက်အဦတွေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးစေခဲ့ ရတာအတွက် များစွာ ဝမ်းနည်းကြေကွဲမိကြောင်း၊ ဒီဖြစ်ရပ်ကြောင့် ထိခိုက်ခံစားရသူ အားလုံးအတွက် စာနာဆုတောင်းပေးနေတယ်လို့  ကနေဒါသံရုံးက ဆိုပါတယ်။

နိုင်ငံတဝန်း ထိခိုက်ခံစားရတဲ့ ပြည်သူလူထုကို အဓိကကျတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ဖို့ ကနေဒါနိုင်ငံက မိတ်ဖက်တွေကို ကူညီပံ့ပိုးပေးနေတယ်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ၊ အပြည့်အဝပေးနိုင်ဖို့ ခွင့်ပြုပေးဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကို ကနေဒါက ထပ်မံတောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံတဝန်း သက်‌ရောက်ခဲ့တဲ့ ဆိုးဝါးလှတဲ့ ရေကြီးမှုကို ကြုံတွေ့ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း၊ သြစတြေးလျ အစိုးရကိုယ်စား လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးအပ်ဖို့  မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူတကွ  ဆောင်ရွက်နေကြောင်း သံရုံးက ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကတော့ မြန်မာနိုင်ငံက ရေဘေးသင့်ပြည်သူ ၅ သိန်းခန့်အတွက် ဆန်၊ အားဖြည့်ဘီစကစ်နဲ့ အာဟာရ အထောက်အပံ့ အပါအဝင် တလစာ စားနပ်ရိက္ခာတွေကို တိုက်ရိုက်ဖြန့်ဝေ ထောက်ပံ့သွားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက မြန်မာ၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေအပါအဝင် ဒေသတွင်းမှာ မုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေကြောင့် လူပေါင်း ၅၀၀ ထက်မနည်း သေဆုံးခဲ့ရသလို လူနေအိမ်တွေ၊ လမ်း တံတားအဆောက်အအုံတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ အနည်းဆုံး လူ ၃၀၀ နီးပါးထိ သေဆုံးခဲ့ပြီး ဒေသတွင်း အဆိုးရွားဆုံး ထိခိုက်မှု ဖြစ်ခဲ့သလို လာအိုမှာတော့ အနည်းဆုံးလူ ၄ ဦး သေဆုံးခဲ့ကာ  မြန်မာနိုင်ငံမှာလည်း လူပေါင်း ၃၀၀  ကျော်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော် အပါအဝင် ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၅၉ ခုကို ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံး ထုတ်ပြန်ချက်အရ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၆ သိန်းကျော်အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှု ကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ အသီးသီးက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024