Home
ဆောင်းပါး
ကိုယ်တွင်းအင်္ဂါ ထုတ်ရောင်းပြီး အသက်ဆက်ရသည်အထိ ဆင်းရဲတွင်းနက်လာတဲ့ မြန်မာပြည်သူတွေ 
DVB
·
September 5, 2024

မှာယူတဲ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးတဲ့အလုပ်ကို လုပ်ကိုင်ခဲ့တဲ့ မောင်မောင်ရဲ့ ဇနီးဖြစ်သူနဲ့ သမီးငယ်တို့ဟာ စားစရာမရှိလို့ ၃ ရက်ကြာတဲ့အထိ ရေသောက် ဗိုက်မှောက်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မန္တလေးမြို့က အင်တာနက်သုံးလို့ရတဲ့ ကော်ဖီဆိုင်တဆိုင်ဆီ သူလမ်းလျှောက်သွားခဲ့ပုံကို မောင်မောင်တယောက် ပြန်လည်အောက်မေ့ ပြောပြခဲ့ပါတယ်။

သူဟာ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ပစ္စည်းတွေ ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုကို သီတင်းပတ်အတော်ကြာ ခံခဲ့ရပြီး သူအဖမ်းခံခဲ့ရတဲ့ အတောအတွင်းမှာ သူ့ရဲ့ဇနီးသည်ဟာလည်း မိသားစုရဲ့ စားဝတ်နေရေးအတွက် အကြွေးယူ ဖြေရှင်းခဲ့ရပါတယ်။

နောက်ဆုံး သူပြန်လွတ်လာချိန်မှာ အလုပ်လည်း ဆုံးရှုံးခဲ့သလို မိသားစုကြည့်တော့လည်း ပိုက်ဆံတပြားမှ သုံးစရာမရှိနဲ့ အကြွေးပတ်လည်ဝိုင်းနေခဲ့ပါတယ်။ ဒါနဲ့ ကြံရာမရတဲ့အဆုံး မောင်မောင်ဟာ ကော်ဖီဆိုင်ကိုသွားပြီး သူ့ရဲ့ကျောက်ကပ်ကို ရောင်းချင်တဲ့အကြောင်း facebook မှာ စာရေးတင်ခဲ့ပါတယ်။

မောင်မောင်က “အဲဒီအချိန်တုန်းက ဘဝကြီးဟာ ခါးသီးလွန်းတယ်လို့ ခံစားခဲ့ရတယ်။ ဘယ်လိုဆက်ပြီး အသက်ရှင်ရမှန်း မသိတော့ဘူး။ ဇနီးဖြစ်သူကလည်း အတူတူပဲ၊ သူလည်း ဒီကမ္ဘာကြီးမှာ ဆက်ပြီး နေချင်စိတ် မရှိတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ သမီးလေးရဲ့ မျက်နှာကိုထောက်ပြီး ဆက်ရှင်သန်ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ဒီလိုနဲ့ လတွေကြာပြီးတဲ့နောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ မောင်မောင် (လုံခြုံရေးအရ အမည်လွှဲ) ဟာ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးခွဲစိတ်မှုအတွက် အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ သူ့ရဲ့ကျောက်ကပ်ကို တရုတ်စပ် ဗမာစီးပွားရေးလုပ်ငန်းရှင် တယောက်က မြန်မာငွေ ကျပ် သိန်း ၁၀၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီငွေပမာဏဟာ မြန်မာနိုင်ငံမှာ မြို့နေ အိမ်ထောင်စုတစု တနှစ်စာ ပျမ်းမျှဝင်ငွေရဲ့ ၂ ဆနီးပါး ရှိတယ်လို့ ကုလသမဂ္ဂ လက်အောက်ခံ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ရဲ့  ၂၀၁၉ ခုနှစ် အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဒီလို ကျောက်ကပ်ရောင်းချမှုတွေ လုပ်ဆောင်နေတာဟာ မောင်မောင် တယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ CNN သတင်းဌာနရဲ့ တနှစ်ကြာ စုံစမ်းစစ်ဆေးမှုအရ အသက်ဆက် ရှင်သန်ဖို့အတွက် ရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံက အဆင်းရဲဆုံး လူတန်းစား ပြည်သူတွေဟာ facebook ပေါ်ကနေတဆင့် သူတို့ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ်တွေကို လူချမ်းသာတွေဆီ ရောင်းချနေကြတာ တွေ့ရှိခဲ့ပါတယ်။

ဥပမာပြောရရင် သူတို့တွေဟာ အကျိုးဆောင်တွေရဲ့ အကူအညီနဲ့ ကိုယ်အင်္ဂါ အစားထိုးကုသမှုတွေ လုပ်ဖို့အတွက် အိန္ဒိယနိုင်ငံကိုသွားပြီး ဥပဒေအရ တားမြစ်ထားတဲ့ ကိုယ်အင်္ဂါရောင်းချမှုတွေကို တရားမဝင် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

CNN အနေနဲ့ မြန်မာဘာသာစကားသုံး Facebook group ၃ ခုထက်မနည်းမှာ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရောင်းချဖို့ ကမ်းလှမ်းထားတဲ့ post တွေကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီ post တွေမှာ ရောင်းသူ၊ ဝယ်သူနဲ့ အကျိုးဆောင်တွေ အပါအဝင် လူပေါင်း ၂၀ ကျော်လောက် ပါဝင်ပြောဆိုထားတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းစစ်ရဲ့ ထိုးနှက်မှုဒဏ်ကို ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက ဆိုးရွားလွန်းတဲ့ အခြေအနေတွေဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ တရားမဝင်လုပ်ငန်းတွေ အားကောင်းစေဖို့ မီးထိုးပေးသလို ဖြစ်နေပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး Facebook ပိုင်ရှင် Meta ကုမ္ပဏီကို CNN က ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ သူတို့အနေနဲ့ လူသား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အရောင်းအဝယ် လုပ်နေတဲ့ facebook group တခုကို ဖယ်ရှားလိုက်ပြီ ဖြစ်တဲ့အကြောင်း၊ Facebook ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေအရ ဒီလိုလုပ်ရပ်တွေကို ခွင့်မပြုထားကြောင်းနဲ့ ချိုးဖောက်မှုတွေရှိရင် ပြန်လည်ဆန်းစစ်ဖို့အတွက် တိုင်ကြားနိုင်တဲ့အကြောင်း ဖြေကြားခဲ့ပေမဲ့ အသေးစိတ် ပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။

ဆင်းရဲတွင်းထဲသို့ တွန်းပို့ခဲ့သည့် အာဏာသိမ်းမှု

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၃ နှစ်အကြာမှာတော့ နိုင်ငံလူဦးရေ ၅၄ သန်းထဲက ထက်ဝက်နီးပါးဟာ   ဆင်းရဲတွင်းထဲကို ကျရောက်သွားခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ၂ ဆ မြင့်တက်ခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) မှ သုတေသီတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေဟာ နိုင်ငံတဝန်း ပျံ့နှံ့လာခဲ့ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာခဲ့ကာ အလုပ်လက်မဲ့ပြဿနာတွေ မြင့်တက်ခဲ့ပြီး အခြေခံလူသုံးကုန်ပစ္စည်းတွေရဲ့ ကုန်ဈေးနှုန်းတွေဟာလည်း လူအများစု လက်လှမ်းမမီနိုင်လောက်တဲ့အထိ ခေါင်ခိုက်လာခဲ့ပါတယ်။

ဒီလိုအကြောင်းတရားတွေကြောင့်ပဲ ဆင်းရဲသား လူတန်းစားတွေဟာ သေမထူး နေမထူး အခြေအနေကို ရောက်လာ‌တဲ့အတွက် တရားမဝင် ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းဝယ်ရေး ဈေးကွက်ထဲကို မလွှဲမရှောင်သာနဲ့ ဝင်ရောက်လာခဲ့ကြရတာ ဖြစ်ပါတယ်။

“ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတခုကို ရောင်းဖို့ဆိုတာဟာ လူတိုင်းအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုပါ။ ဘယ်သူကမှ ဒါမျိုးမလုပ်ချင်ကြပါဘူး။ နောက်ဆုံး ရွေးချယ်စရာ မရှိလို့သာ အခုလိုမျိုး လုပ်နေရတာ” လို့ သူ့ရဲ့ကျောက်ကပ်ကို ရောင်းဖို့ facebook ပေါ်မှာ ကြော်ငြာထားတဲ့ အသက် ၂၆ နှစ်အရွယ် ဧပရယ် (အမည်လွှဲ) က ပြောပါတယ်။

ဧပရယ်ဟာ သူနာပြုဆရာမတယောက် ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့အိပ်မက်တွေကို စွန့်လွှတ်ပြီး စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်ကို ရွေ့ပြောင်းလာခဲ့ပြီးတော့ အသက် ၁၈ နှစ် အရွယ်ကတည်းက အထည်ချုပ်စက်ရုံတခုမှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့လစာဟာ ဒေါ်လာ ၁၀၀ သာရှိတဲ့အတွက် နိုင်ငံရေး အကျပ်အတည်းကြောင့် တဟုန်ထိုးမြင့်တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့အတူ ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ အဒေါ်ဖြစ်သူရဲ့ ဆေးဖိုးဝါးခအတွက် လုံလောက်မှု မရှိခဲ့ပါဘူး။

“အခုလို ကျပ်တည်းခက်ခဲနေတဲ့ အခြေအနေမှာ ရှင်သန်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားနေတာပါပဲ။ ငိုခဲ့ရတဲ့ရက်တွေ ရှိတယ်။ သူငယ်ချင်းတွေကလည်း ကိုယ့်ကို မကူညီနိုင်လို့ ဘာမှစားစရာမရှိတဲ့ရက်တွေ ရှိခဲ့တယ်။ တည အိပ်မပျော်တာနဲ့ facebook သုံးနေရင်း လူတွေက သူတို့ရဲ့ ကျောက်ကပ်တွေရောင်းဖို့ ကမ်းလှမ်းထားတဲ့ facebook group တခုကို တွေ့ခဲ့တာ။ ဒါနဲ့ ကိုယ်လည်း ကျောက်ကပ်လှူချင်ပါတယ်။ သွေးအမျိုးအစားက အိုပါ။ ကင်ဆာ ဝေဒနာရှင်ဖြစ်တဲ့ အဒေါ်အတွက် ပိုက်ဆံလိုလို့ပါ။ အသက်က ၂၆ နှစ်၊ အသောက်အစား ကင်းပါတယ်။ တိုက်ရိုက် မက်ဆေ့ကနေ ဆက်သွယ်ပါ” လို့ မြန်မြန်ပဲ ရေးတင်ခဲ့တဲ့အကြောင်း ဧပရယ်က CNN ကို ပြောပြခဲ့ပါတယ်။

ဒီလို facebook group အများစုကိုတော့ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့ ဝေဒနာရှင်တွေ အတွက် ရည်ရွယ်ဖန်တီးထားတာဖြစ်ပြီး အိမ်တွင်း ရောဂါကုထုံးတွေ မျှဝေနိုင်ဖို့နဲ့ စိတ်ရင်းစေတနာပြည့်ဝတဲ့ ကျောက်ကပ်အထူးကု ဆရာဝန်ကြီးတွေအကြောင်းကို အကြံပြု ပြောကြားပေးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေ အတွင်းမှာတော့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်းချချင်တဲ့အကြောင်း ကမ်းလှမ်းထားတဲ့ post တွေ သိသိသာသာ ပိုမိုမြင်တွေ့လာရတာကို CNN က လေ့လာတွေ့ရှိခဲ့တာပါ။

လူတယောက်ဟာ ကျောက်ကပ်တလုံးနဲ့လည်း ဆက်လက်ရှင်သန် နေထိုင်နိုင်တဲ့အတွက် အခုလို ရောင်းချတာတွေ လုပ်ကြတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အကြီးစား ခွဲစိတ်မှုတခုဖြစ်ပြီး ကာလကြာအထိ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

အကြီးမားဆုံး အန္တရာယ်ကတော့ ကျန်ရှိနေတဲ့ ကျောက်ကပ်မှာ တစုံတရာ ဖြစ်လာပြီဆိုရင် အရေးပေါ်အနေနဲ့ အရန်ကျောက်ကပ် မရှိတော့တာပါပဲလို့ အမျိုးသားကျောက်ကပ်ဖောင်ဒေးရှင်းက ပြောပါတယ်။

တရားမဝင်သော်လည်း လည်ပတ်နေဆဲ

အွန်လိုင်း ကိုယ်အင်္ဂါအစိတ်အပိုင်း ကုန်သွယ်မှုမှာ ရောင်းသူနဲ့ဝယ်သူ တနည်းအားဖြင့် အလှူရှင်နဲ့ လက်ခံသူကြား ချိတ်ပေးတာ၊ ခွဲစိတ်ဖို့ စီစဉ်တာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်း အတုတွေကို အကျိုးဆောင်တွေက လုပ်ပေးပါတယ်။

ကိုယ်အင်္ဂါအစိတ်အပိုင်း ရောင်းချမှုဟာ အိန္ဒိယနိုင်ငံမှာ တရားမဝင်ပါဘူး။ ချွင်းချက်အနည်းငယ်ကလွဲလို့ ဆွေမျိုးသားချင်းထဲကလူကိုပဲ ကိုယ်အင်္ဂါလှူဒါန်းခွင့် ပြုထားတာပါ။ ဒါပေမဲ့ အကျိုးဆောင်တွေကတော့ မြန်မာဘာသာကနေ တခြားဘာသာစကား တခုခုကို ဘာသာပြန်ပြီး တရားဝင် အထောက်အထားဖြစ်အောင် လုပ်ပေးတဲ့ နိုတြီ ဝန်ဆောင်မှုတွေ၊ ရှေ့နေတွေရဲ့ အကူအညီနဲ့ အိမ်ထောင်စုဇယားတွေ၊ အခြားစာရွက်စာတမ်းတွေကို အတုလုပ်ကြလေ့ ရှိပါတယ်။ အစားထိုးကုသဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးက စိစစ်ပြီး ဆေးရုံခွင့်ပြုချက် ကော်မတီထံကို ဆက်ပြီး တင်ပြရပါတယ်။

ခွင့်ပြုချက်ကော်မတီဟာ နောက်ဆုံး ကာကွယ်ရေးစည်း ဖြစ်ပါတယ်။ စာရွက်စာတမ်းတွေ၊ မိသားစုဓာတ်ပုံတွေနဲ့ ဘဏ်အချက်အလက်တွေကို စစ်ဆေးတာ၊ ကိုယ်အင်္ဂါအစိတ်အပိုင်း မှောင်ခိုကူးသူတွေ ဒါမှမဟုတ် မိသားစုဝင်အဖြစ် ဟန်ဆောင်ထားတဲ့ လူလိမ်တွေကို ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့အတွက် တွေ့ဆုံမေးမြန်းတာတွေ ဆောင်ရွက်ရတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

ဒါပေမဲ့ CNN က ဆက်သွယ်ပြောဆိုခဲ့တဲ့ အလှူရှင်နဲ့ လက်ခံသူ ၁၀ ဦးမှာ တဦးကလွဲပြီး ကျန်တဲ့သူအားလုံးဟာ မိသားစုဆက်နွှယ်မှုကို သက်သေပြဖို့အတွက် စာရွက်စာတမ်းအတုတွေ လုပ်ခဲ့ကြတဲ့အကြောင်း အတည်ပြု ပြောကြားခဲ့ကြပါတယ်။ သူတို့အနေနဲ့ မိသားစုဆက်နွှယ်မှုတွေမှာ အိမ်ထောက်ဖက်၊ ယောက္ခမ၊ ချွေးမ၊ သမက်နဲ့ တူ၊ တူမတွေ အဖြစ် ဟန်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ မောင်မောင် ဆိုရင်လည်း သူ့ကျောက်ကပ် ဝယ်ယူသူရဲ့ သမက်အဖြစ် ဟန်ဆောင်ခဲ့ရတာပါ။

ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး နယူးဒေလီရှိ မြန်မာသံရုံးနဲ့ အိန္ဒိယ ကျန်းမာရေးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနကို CNN က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

အိန္ဒိယခရီးစဉ်မှ မိသားစုဓာတ်ပုံများ

စိုးရိမ်ကြောက်လန့်မှုနဲ့အတူ မောင်မောင်ဟာ ကျောက်ကပ် အစားထိုးခွဲစိတ်မှု မတိုင်ခင်မှာ တွေ့ဆုံမေးမြန်းတာတွေနဲ့ ဆေးစစ်မှုတွေကို အကြိမ်ကြိမ်လုပ်ခဲ့ရပါတယ်။ သူဟာ အရင်က မြန်မာနိုင်ငံကနေ တခါမှ မထွက်ခွာဘူးပေမဲ့ အခုအခါမှာတော့ သူ့ကျောက်ကပ်ကို ဝယ်ယူခဲ့သူရဲ့ မိသားစုနဲ့အတူ နယူးဒေလီမြို့ရဲ့ နာမည်ကျော် Lotus Temple ရှေ့မှာ ဓာတ်ပုံရိုက်ခဲ့ရပါတယ်။

မောင်မောင်က “တကယ်လို့ ကျနော် သေသွားခဲ့မယ်ဆိုရင် ဒီပိုက်ဆံတွေက ဇနီးနဲ့သမီးအတွက် သူတို့တဘဝစာ မလုံလောက်ဘူး ဆိုရင်တောင် သူတို့ ဆက်ပြီး ရှင်သန်ဖို့နဲ့ စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်” လို့ ခွဲစိတ်မှုမလုပ်ခင်မှာ ပြောပြခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဟာ ကာလကြာ အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ မှတ်တမ်းတွေ များစွာရှိပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း အရပ်သားတွေအပေါ်မှာရော၊ တော်လှန်ရေးတပ်ဖွဲ့တွေ အပေါ်မှာရော အကြမ်းဖက်လုပ်ရပ်တွေဟာ စည်းလွတ်ဝါးလွတ် ဖြစ်လာခဲ့ပါတယ်။

အခုလည်း မောင်မောင့်အပေါ် စစ်တပ်ရဲ့ စွပ်စွဲဖမ်းဆီး နှိပ်စက်မှုတွေက ကျောက်ကပ်ကို ရောင်းစားရတဲ့ အခြေအနေ ရောက်တဲ့အထိ မောင်မောင့်ဘဝကို တဆစ်ချိုး ပြောင်းသွားစေခဲ့ပါတယ်။ စစ်တပ်ကတော့ သူတို့ရဲ့ စစ်သားတွေဟာ ဘယ်သူ့ကိုမှ တရားလက်လွတ် ဖမ်းဆီးနှိပ်စက်တာတွေ လုပ်မှာမဟုတ်ဘူးလို့ CNN ကို ပြောခဲ့ပါတယ်။

အသက်တချောင်းကို ကယ်တင်ခြင်း

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အိန္ဒိယနိုင်ငံတဝန်း သက်ရှိအလှူရှင်တွေရဲ့ ကျောက်ကပ်တွေ အပါအဝင် ကျောက်ကပ်အစားထိုး ကုသမှုပေါင်း ၁၀,၀၀၀ ဝန်းကျင် ရှိခဲ့တယ်လို့ အိန္ဒိယရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းနဲ့ တစ်ရှူး အစားထိုးကုသရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အဲဒီခွဲစိတ်မှုတွေထဲမှာ ကျောက်ကပ်ရောင်းစားတဲ့ မြန်မာလူနာအရေအတွက် ဘယ်လောက်ပါဝင်သလဲ ဆိုတာကိုတော့ CNN အနေနဲ့ အတည်မပြုနိုင်ခဲ့ပါဘူး။

ကျောက်ကပ်အစားထိုးကုသမှုကို ကိုယ်တိုင်ခံယူထားတဲ့ ရန်ကုန်အခြေစိုက် အကျိုးဆောင်တဦး ကတော့ ခွဲစိတ်ကုသဖို့အတွက် တင်ပြတဲ့ စာရွက်စာတမ်းတွေဟာ အတုတွေဆိုတာကို အိန္ဒိယမှာရှိတဲ့ မြန်မာသံရုံးအပြင် ဆေးရုံခွင့်ပြုချက်ကော်မတီကလည်း သိရှိထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ အသက်တချောင်းကို ကယ်တင်တဲ့ လုပ်ရပ်တခုဖြစ်ပြီး မကောင်းတဲ့အရာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

အိန္ဒိယ ခွဲစိတ်ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ဆူနေးလ်ရှာရော့ဖ်က “ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းတဲ့ ကိစ္စဟာ ရှုပ်ထွေးပါတယ်။ ခွင့်ပြုချက် ကော်မတီအတွက်လည်း လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ သူတို့အနေနဲ့ ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေသူဘက်ကိုလည်း စာနာထောက်ထားပြီး ဆောင်ရွက်ရတာတွေ ရှိပါတယ်။ နောက်ပြီး တခြားနိုင်ငံတခုက စာရွက်စာတမ်းတွေကို အတု အစစ်ခွဲဖို့ ဆိုတာကလည်း တကယ့်ကို ခက်ပါတယ်။ ဒီတော့ မြန်မာသံရုံးက လက်မှတ်ထိုးလိုက်တာနဲ့ ဘာပဲဖြစ်ဖြစ် တခုခုဖြစ်ပြီဆိုရင် သံရုံးမှာပဲ တာဝန်ရှိတယ်လို့ ခွင့်ပြုချက်ကော်မတီက မှတ်ယူထားတယ်” လို့ ပြောပါတယ်။

မြန်မာလူနာတွေ ပြည့်နေသည့် လူနာဆောင်

၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကျောက်ကပ်အစားထိုး ကုသမှုကို ခံယူပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာ မောင်မောင်ဟာ ဆေးရုံလူနာတင် ခုတင်ဘေးမှာထိုင်ရင်း သူ့ရဲ့ ရှပ်အင်္ကျီကို မပြီး ဘယ်ဘက်ခြမ်းက လောလောလတ်လတ် ရထားတဲ့ အမာရွတ်ကို ပြခဲ့ပါတယ်။ အတွင်းဘက်မှာတော့ အနာကျက်နေပုံရပေမဲ့ အပြင်ဘက်မှာတော့ နာနေဆဲပဲလို့ သူက ပြောပါတယ်။

နောက်ပြီး ဆေးရုံထဲကို လမ်းလျှောက်ရင်း တခြား မြန်မာလူနာတွေရှိနေတဲ့ လူနာဆောင်ကို သူက ညွှန်ပြခဲ့ပြီး သူတို့တွေရဲ့ ဝမ်းဗိုက်မှာလည်း ၄ လက်မလောက် အရွယ်အစားရှိတဲ့ အမာရွတ်တွေ ကိုယ်စီနဲ့ပါပဲ။

အဆုံးမရှိတဲ့ ဆင်းရဲတွင်းသံသရာထဲမှာ ပိတ်မိနေသူတွေအတွက်တော့ ခန္ဓာကိုယ်အစိတ်အပိုင်း တခုကို ရောင်းချတာဟာ ဆင်းရဲတွင်းကနေ မြန်မြန်ဆန်ဆန် လွတ်မြောက်နိုင်တဲ့ နည်းလမ်းတခုလို့ ထင်မှတ်ထားကြပုံ ရပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ မြန်မာနိုင်ငံသာမက အာဖဂန်နစ္စတန် ကစလို့ နီပေါနိုင်ငံ အဆုံး တခြားနိုင်ငံအများအပြားက အောက်ခြေလူတန်းစား ပြည်သူတွေရဲ့ နောက်ဆုံးထွက်ပေါက် တခုလို ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ဒါဟာ ပြင်းထန်တဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ လုပ်ရပ်တခုဖြစ်ပြီး တခါတရံမှာ အသက်ပါ ဆုံးရှုံးရနိုင်ပါတယ်။

“ကျောက်ကပ်ရောင်းပြီးလည်း ဘဝအရည်အသွေးဟာ ကောင်းမလာနိုင်ပါဘူး။ ရတဲ့ပိုက်ဆံ သုံးလို့ကုန်သွားတာနဲ့ မူလအခြေအနေကို ပြန်ရောက်သွားမှာပဲ။ နောက်တော့ ကိုယ့်ရဲ့အမာရွတ်ကိုကြည့်ပြီး စိတ်ပျက်အားငယ်လာတတ်ကြတယ်” လို့ ဒေါက်တာရှာရော့ဖ်က ပြောပါတယ်။

မောင်မောင်ကတော့ “ကျောက်ကပ်တလုံးတည်းနဲ့ဆို အများဆုံးနေရ ၁၅ နှစ်၊ နှစ် ၂၀ ပေါ့။ ဒါပေမဲ့လည်း အဲဒီအချိန်တုန်းက အခုလိုမျိုး မလုပ်ခဲ့ရင်လည်း ဘဝက အလုပ်မရှိ၊ စားစရာမရှိနဲ့ ဆောက်တည်ရာမရ ပရမ်းပတာ ဖြစ်နေမှာပါပဲ။ ဇနီးနဲ့ သမီးအတွက်လည်း စားစရာမရှိ ဆိုတော့ ၃ ယောက်စလုံး သေရင်သေ၊ မသေရင် ရူးကုန်မှာပါပဲ။ ဒီတော့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နောင်တတော့ မရပါဘူး” လို့ ပြောပါတယ်။

အခုအခါမှာတော့ မောင်မောင်ဟာ မန္တလေးကို ပြန်ရောက်နေပြီဖြစ်ပေမဲ့ အလုပ်လည်း ပြန်မလုပ်နိုင်သေးသလို ကျောက်ကပ်ရောင်းလို့ရတဲ့ ပိုက်ဆံကလည်း တဖြည်းဖြည်းနဲ့ ကုန်သလောက်နီးပါး ဖြစ်လာပါတယ်။

ဧပရယ်ကတော့ သူ့ရဲ့ကျောက်ကပ်ကို မြန်မာငွေ သိန်း ၁၂၀ နဲ့ ဝယ်ချင်တဲ့ ရန်ကုန်မြို့က အသက် ၄၉ နှစ်အရွယ် အမျိုးသားတဦးနဲ့ သဘောတူညီမှု ရသွားခဲ့ပြီး မိသားစုဓာတ်ပုံနဲ့ စာရွက်စာတမ်း အတုတွေထဲမှာတော့ ဧပရယ်ဟာ အဲဒီလူရဲ့ အကြီးဆုံးသမီးအနေနဲ့ ဖော်ပြထားပါတယ်။

အစားထိုးကုသမှုတွေလုပ်ဖို့ နီးလာချိန်မှာတော့ ဧပရယ်ဟာ ခွဲစိတ်ခန်းထဲက ခုတင်ပေါ်မှာပဲ သေများသွားမလားလို့ စိုးရိမ်စိတ်တွေ ရှိနေပေမဲ့ နောက်ကြောင်းပြန်လှည့်ဖို့အတွက် အချိန်တွေဟာ နောက်ကျသွားခဲ့ပြီလို့ ခံစားနေရပါတယ်။

ဧပရယ်ရဲ့ မိသားစုကတော့ သူ ကျောက်ကပ်ရောင်းမယ့် အစီအစဉ်ကို အခုချိန်အထိ မသိရှိကြသေးပါဘူး။

Ref: CNN  - By Teele Rebane and Su Nandar Kyaw,

(CNN သတင်းဌာနမှာ   Teele Rebane  နဲ့  Su Nandar Kyaw တို့ရေးသားထားတဲ့  ‘Blood type O. DM me’: Myanmar’s poorest are so desperate they’re turning to social media to sell their kidneys “ သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ )

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024