ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ သစ္စာလမ်းမှာရှိတဲ့ သတင်းတပ်ဖွဲ့ရုံးမှာ တပ်ကြပ်ကြီးက ဓားနဲ့ထိုးတာကြောင့် ဒုရဲမှူး တယောက် သေဆုံးခဲ့ပြီး ရဲအရာရှိတချို့ ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်းမှာ သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီးမင်းမင်း ဆိုသူက ဓားနဲ့ ထိုးတာကြောင့် ဒုရဲမှူးအောင်ကိုမင်း သေဆုံးပြီး ဖြစ်စဉ်ကို ဝင်ဆွဲတဲ့ ဒုရဲမှူးဇော်မင်းနဲ့ ဒုရဲမှူးကြီးနေအောင်လင်းတို့ ဓားဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဒုရဲမှူး အောင်ကိုမင်းက တခါတည်း သေဆုံးသွားတာ။ ဒဏ်ရာရရှိတဲ့ ရဲအရာရှိ ၂ ယောက်ကတော့ ပုသိမ်ဆေးရုံမှာ။ လောင်းကစား ငွေကြေးကိစ္စတွေနဲ့ စကားများတာလို့ သိရတယ်။ ဓားနဲ့ထိုးတဲ့ သတင်းတပ်ဖွဲ့ တပ်ကြပ်ကြီးမင်းမင်းက အမှု ၅ ခု လောက်နဲ့ အထက်အမိန့်နဲ့ စစ်ဆေးခံနေရတာ” လို့ ပြောပါတယ်။
ဒုရဲမှူး အောင်ကိုမင်းကို ဓားနဲ့ထိုးခဲ့တဲ့ သတင်းတပ်ဖွဲ့ တပ်ကြပ်ကြီးမင်းမင်းဟာ ပုသိမ်မြို့ထဲမှာ သတင်းတပ်ဖွဲ့ဝင်အဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စက်သုံးဆီမှောင်ခို၊ တရားမဝင်လောင်းကစား၊ တရားမဝင် မူးယစ်ဆေးဝါး၊ သစ်မှောင်ခိုစတဲ့ လုပ်ငန်းလုပ်သူတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်နေသူတယောက် ဖြစ်တယ်လို့ ဆိုပါတယ်။
အခု ရဲတပ်ဖွဲ့အချင်းချင်း ဖြစ်ပွားတဲ့ ဓားထိုး လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က သတင်းဖုံးထားပြီး တိုင်းရဲတပ်ဖွဲ့မှူးက တိတ်တဆိတ် စစ်ဆေးနေတယ်လို့ နီးစပ်သူ တွေဆီက သိရပါတယ်။