Home
နိုင်ငံတကာ
ဆိုလင်ဂန်မြို့တော်နှစ်ပတ်လည်နေ့ ပွဲတော်အတွင်း ဓားထိုးမှုကြောင့် လူများ သေဆုံး 
DVB
·
August 24, 2024
Photo -REUTERS

ဂျာမန်အနောက်ပိုင်း ဆိုလင်ဂန်မြို့တော်ရဲ့ နှစ်ပေါင်း ၆၅၀ ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့ ပွဲတော်တခုမှာ သြဂုတ် ၂၃ ရက် ညပိုင်းက ဓားထိုး တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က X ပို့စ်မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ 

ဒေသစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ဆိုလင်ဂန်မြို့တော်ရဲ့ ဖှရွန်ဟော့ဖှ် မြူနီစီပယ်အတွင်း ကျင်းပနေတဲ့ ပွဲတော်မှာ တီးဝိုင်းတွေ တီးခတ်နေကြတဲ့ စတုရန်းရင်ပြင်မှာ လူ တဦးက လမ်းသွားလမ်းလာတွေကို ဓားနဲ့ ကြုံရာကျပန်း လိုက်ခုတ်ခဲ့တာဖြစ်ကြောင်း မြို့တော်ဝန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း မြို့တော်ဝန်က အတည်ပြုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကို မပြောခဲ့ပါဘူး။

ပြည်နယ် ပြည်ထဲရေးဝန်ကြီး ဟားဘာ့ထ် ရိုင်းလ် ကလည်း အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့ပြီး ဒါဟာ လူ့အသက်ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပေမယ့် အကြောင်းရင်းကို မှန်းဆဖို့ ငြင်းဆိုခဲ့ပါတယ်။ 

သြဂုတ် ၂၄ ရက် အစောပိုင်းမှာတော့ အခင်းဖြစ်ပွားရာနေရာမှာ ရဲတပ်ဖွဲ့နဲ့ မှုခင်းဆေးပညာ အရာရှိတွေ ရောက်ရှိနေကြပြီး သဲလွန်စနဲ့ အထောက်အထားတွေကို ရှာဖွေနေကြပါတယ်။

ရဲတပ်ဖွဲ့ကတော့ ပွဲတော်တွင်းမှာ အမည်မသိအမျိုးသား တဦးတည်းက ဓားနဲ့ထိုး တိုက်ခိုက်မှု ကြောင့် လူ ၃ ဦး သေဆုံးပြီး အခြားလေးဦး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ပြစ်မှုကျူးလွန်သူဟာ ထွက်ပြေးနေပြီး နောက်ထပ် သားကောင်တွေကို ရှာနေတာလား ဆိုတာ ပြောလို့ မရတာကြောင့် ဒီလူက အန္တရာယ်မရှိဘူးဆိုတာ ရာနှုန်းပြည့် မသေချာဘူး လို့  ပြည်ထဲရေးဝန်ကြီးက ပြောဆိုပါတယ်။ 

ကျူးလွန်သူနဲ့ပတ်သက်တဲ့ ဖော်ပြချက် အတိအကျကို အရေးတကြီး လိုအပ်နေတာကြောင့် သက်သေတွေအတွက် ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ဘာမဆိုအတွက် ရဲတပ်ဖွဲ့ကို အချိန်မရွေး ဆက်သွယ်နိုင်ကြောင်းလည်း ဆိုပါတယ်။ 

ဂျာမနီမှာ ဓားနဲ့ အသေခုတ်သတ်ခြင်းနဲ့ ပစ်ခတ်မှုတွေဟာ အတော်လေးကို ရှားပါးပါတယ်။

ဂျာမန်အစိုးရဟာ အများပြည်သူကြားမှာ သယ်ဆောင်သွားနိုင်တဲ့ ဓားရဲ့ အရှည်ကို လျှော့ချဖို့ ဆိုတဲ့ ဓားများဆိုင်ရာ စည်းမျဉ်းတွေကို တင်းကျပ်ရန် ရည်ရွယ်ထားပါတယ်။။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024