Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာလုပ်သား ၁ ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သည့် တရားခံကို ဖမ်းဆီးရမိ 
DVB
·
July 24, 2024

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကပီနယ်မြေ  Happy Land ကုန်တိုက်အနီးမှာ လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံးသွားတာနဲ့ ပတ်သက်လို့ လူသတ်တရားခံကို ဖမ်းဆီးရမိပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တရားခံမှာ အသက် ၂၇ ရွယ်ရှိ နိုင်းအေတ်အီဆလာ ဆစ်ထိခမ်း ဆိုသူ ထိုင်းနိုင်ငံသား ဖြစ်ပြီး  လူသတ်မှုမှာ အသုံးပြုခဲ့တဲ့ ဓားမြှောင်နဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်က  လတ်ဖရော့တ် နယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တယ်လို့ ဆိုပါတယ်။ 

သူဟာ သေဆုံးသူနဲ့  ရန်ငြှိုးရန်စမရှိ၊ ယခင်ကလည်း တွေ့ဖူးမြင်ဖူးတာတွေမရှိပေမဲ့ သူက ဟက်ပီးလဲန်းလမ်းကြားထဲကို ဆိုင်ကယ်နဲ့ဝင်အလာ သေဆုံးသူနဲ့ သူ့သူငယ်ချင်းက ဆိုင်ကယ်‌ရှေ့ကနေ ဖြတ်လျှောက်လာတယ်၊ သူတို့က မှားတယ်လို့ မတောင်းပန်တာကြောင့်  စကားများကြတယ်၊ တဖက်က သူ့မိဘတွေထိ ဆဲရေးတိုင်းထွာတာကြောင့် စိတ်ဆိုးပြီး ဓားနဲ့ထိုးလိုက်တာလို့ ဝန်ခံသွားပါတယ်။ 

စီစီကင်မရာထဲမှာတော့ သေဆုံးသူနဲ့ သူငယ်ချင်းဟာ လမ်းဘေးကနေ လမ်းလျှောက်ပြီး လမ်းကြားထဲ ချိုးဝင်လိုက်စဉ် နောက်ကဆိုင်ကယ်တစီးကလည်း သူတို့လိုပဲ လမ်းကြားထဲ ဝင်လာတယ်၊ အဲဒီနောက် ဆိုင်ကယ်တစီးလည်း လမ်းကြားမှာ ချိုးကွေ့စဉ် တိုက်မလို ဖြစ်သွားတာကို တွေ့ရပါတယ်။ အဲဒီနောက် အပြန်အလှန် ငြင်းခုံစကားများကြတယ်၊  မြန်မာ ၂ ယောက် ထွက်သွားတယ်၊ သူက ဆိုင်ကယ်နဲ့ နောက်ကနေထပ်လိုက်လာပြီး  ဓားထိုးခံရသူရဲ့ သူငယ်ချင်းဦးခေါင်းကို  အထုပ်နဲ့ လှမ်းရိုက်တယ်၊ အဲဒီနောက် ဆိုင်ကယ်ရပ်ပြီး ထွက်သွားတဲ့ မြန်မာတယောက်ကို ဓားနဲ့လိုက်ထိုးတယ်၊  ဓားထိုးခံရသူက အစပိုင်းမှာ လမ်းလျှောက်နိုင်ပြီး သူ့ကို ထိုးခဲ့သူနောက် လိုက်သွားစဉ် လမ်းပေါ်မှာ လဲကျသေဆုံးသွားတာတွေကို မြင်တွေ့နေရတာပါ။ 

တရားခံရဲ့ရုပ်ဟာ စီစီကင်မရာမှာ အထင်းသားပေါ်လွင်နေပြီး ရဲတွေကလည်း ပိုက်စိပ်တိုက် ရှာတာကြောင့် ပြေးမလွတ်မှန်းသိလို့  လာရောက်အဖမ်းခံတာလို့ သတင်းထောက်က ပြောပါ တယ်။ 

တရားခံရဲ့ သူငယ်ချင်းကတော့ သူ့သူငယ်ချင်းက သဘောကောင်းပါတယ်၊ ဒီလို လူသတ်ရဲမယ်လို့ မထင်ဘူး၊ သူ့အလုပ်အကိုင်ကတော့ ဆေးခြောက်ရောင်းတယ်၊ ရှူလည်း ရှူတယ်၊ ရဲက ဆီးစစ်တော့  မူးယစ်ဆေးဝါး သုံးထားတာ မတွေ့ပါဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ငွေတိုးချေးစားရာမှာ ဥပ‌ဒေထက်ကျော်ပြီး အတိုးယူလို့  အမှုဖြစ်ခဲ့ဖူးတဲ့ ရာဇဝင်ရှိတယ်၊ သက်သေအချို့ကလည်း သူဟာ စိတ်ဆတ်ပြီး အရပ်ထဲမှာလည်း ရန်လိုလေ့ရှိတယ်လို့ ပြောပါတယ်။ 

ရဲစခန်းက သူ့ကို တမင်ရည်ရွယ်လူသတ်မှု၊ လက်နက်မှုတွေနဲ့  စွဲချက်တင်ထားပါတယ်။ 

ဓားထိုးခံရသူ ပအိုဝ်းတိုင်းရင်းသားဟာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သမီး ၃ ယောက်နဲ့ မိဘတွေကို ဆေးသုတ်၊ ပန်းရန်အလုပ်လုပ်ပြီး ရှာကျွေးနေတာဖြစ်ကြောင်း၊ ခုလို ဆုံးပါးသွားတော့ ကျန်ရစ်သူတွေလည်း ဒုက္ခရောက်ရတယ်လို့ ဆွေမျိုးနီးစပ်တဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား - Thairath / Amarin TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013