ဂါနာနိုင်ငံမှာ မဲဆန္ဒရှင်စာရင်း မမှန်မကန် လုပ်ထားမှုနဲ့ပတ်သက်ပြီး အဓိကအတိုက်အခံ အမျိုးသားဒီမိုကရက်တစ်ကွန်ဂရက် (NDC) ပါတီဟာ စက်တင်ဘာ ၁၇ ရက်မှာ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ မဲစာရင်း အမှားအယွင်းတွေကို ဖယ်ရှားဖို့ အမှီအခိုကင်းတဲ့ မှုခင်းဆိုင်ရာ စာရင်းစစ်ချက် တရပ်ပြုလုပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ရွှေနဲ့ ကိုကိုး ထုတ်လုပ်ရာ အနောက်အာဖရိကနိုင်ငံမှ မဲဆန္ဒရှင်တွေဟာ ဒီဇင်ဘာ ၇ ရက်မှာ မဲရုံကို သွားရောက်ပြီး သမ္မတ နာနာ အကူဖို-အက်ဒိုကို ဆက်ခံမယ့်သူကို ရွေးကောက် တင်မြှောက်ကြမှာပါ။
လက်ရှိသမ္မတ နာနာအကူဖို-အက်ဒိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၈ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ဇန်နဝါရီလမှာ ရာထူးမှ နုတ်ထွက်တော့မှာဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ NDC ပါတီမှ သမ္မတဟောင်း ဂျွန်ဒြာမာနီမဟာမာနဲ့ အာဏာရ မျိုးချစ်သစ် ပါတီမှ လက်ရှိ ဒုတိယသမ္မတ မဟာမာဒူ ဘာဝူမီယာတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ မဲဆန္ဒရှင်တွေကို အသိမပေးပဲ မဲရုံအသီးသီးကို တရားမဝင် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေတာကြောင့် မှတ်ပုံတင်ခြင်းရဲ့ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ထိခိုက်စေတယ်လို့ NDC ပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
အနီရောင်နဲ့ အနက်ရောင်ကို ၀တ်ဆင်ထားကြတဲ့ ထောက်ခံသူ ထောင်ပေါင်းများစွာဟာ မြို့တော် အက်ကရာရှိ အဓိကလမ်းမကြီးတွေ တလျှောက် ရက်ဂေးနဲ့ မဲဆွယ်သီချင်းတွေကို အသံချဲ့စက်တွေနဲ့ ကြွေးကြော် ချီတက်ခဲ့ကြပြီး ဂါနာ ငြိမ်းချမ်းရေးကောင်စီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘာသာရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ဝင်ရောက်စွက်ဖက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြခေါင်းဆောင်တွေဟာ ပါလီမန်နဲ့ အက်ကရာရှိ ရွေးကောက်ပွဲကိုယ်စားလှယ်တွေဆီ အသနားခံစာတွေ တင်ပြခဲ့ကြပါတယ်။
ဂါနာရဲ့ တခြားဒေသ ၁၅ ခု မှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source-Reuters