Home
နိုင်ငံတကာ
မက္ကဆီကိုတွင် တရားသူကြီးများကို လူထုမဲဖြင့်ရွေးရန် အောက်လွှတ်တော် အတည်ပြု
DVB
·
September 5, 2024
Photo-MEXICO CONGRESS TV

မက္ကဆီကိုနိုင်ငံမှာ တရားသူကြီးတွေကို ပြည်သူ့မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်မယ့် အငြင်းပွားဖွယ် အစီအစဉ်ကို မက္ကဆီကို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီး အထက်လွှတ်တော်မှာလည်း မကြာမီ အတည်ပြုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

သမ္မတ အန်ဒရေ မန်နျူရယ်လိုပက်ဇ် အိုဘရာဒေါကတော့ ဒီစနစ်ဟာ တရားသူကြီးတွေ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိလာစေမယ်လို့ ဆိုပါတယ်။

ဝေဖန်သူတွေကတော့ ဒီလို ဘယ်နိုင်ငံမှမရှိတဲ့ စနစ်မျိုးဟာ အပြန်အလှန်ထိန်းကျောင်းမှုကို ပျက်ပြားစေမယ်လို့ ဆိုကြပါတယ်။

ဒီတရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲတဲ့ အစီအစဉ်ကို တရားရေးဝန်ထမ်းတွေ ဦးဆောင်ပြီး သပိတ်မှောက် ဆန္ဒပြမှုတွေလည်း နိုင်ငံအနှံ့ ဖြစ်ပွားနေပါတယ်။ နောက်ဆုံး တရားရုံးချုပ်ကပါ သပိတ်မှောက်ထားပါတယ်။

ပြုပြင်ပြောင်းလဲရေးကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၅၉ မဲ၊ ကန့်ကွက်မဲ ၁၃၅ မဲနဲ့ အတည်ပြုခဲ့ပါတယ်။

ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံကို ဝန်းရံပိတ်ဆို့ထားတာကြောင့် အမတ်တွေဟာ အားကစားခန်းမတခုထဲမှာ အစည်းအဝေးလုပ်ပြီး မဲခွဲခဲ့ရတာပါ။

ဆန္ဒပြမှုတွေ ရှိနေပေမဲ့ အာဏာရ မိုရီနာပါတီဟာ အခြေခံဥပဒေပြင်ဖို့ လုံလာက်တဲ့ အမတ်နေရာ သုံးပုံနှစ်ပုံအထိ အောက်လွှတ်တော်မှာ ထိန်းထားနိုင်တာကြောင့် ပြဿနာမရှိခဲ့ပါဘူး။

အထက်လွှတ်တော်မှာလည်း မိုရီနာပါတီကပဲ သုံးပုံနှစ်ပုံပြည့်ဖို့ အမတ်တယောက်ပဲ လိုပါတယ်။ သမ္မတ အိုဘရာဒေါကတော့ စက်တင်ဘာလကုန် သူသမ္မတသက်တမ်း မကုန်ဆုံးခင်မှာ ဒီဥပဒေ အတည်ပြုဖို့ မျှော်လင့်ထားပါတယ်။

သူအနားယူရင်လည်း သူ့ပါတီက ဆက်ခံသူ အမျိုးသမီးသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းက သမ္မတရွေးကောက်ပွဲ နိုင်ထားတာ ဖြစ်တဲ့အတွက် မူဝါဒပိုင်းက အပြောင်းအလဲ မရှိနိုင်ပါဘူး။

အရင်တုန်းကတော့ တရားရုံးချုပ် တရားသူကြီးတွေကိုပဲ သမ္မတက အဆိုပြုပြီး အထက်လွှတ်တော်က အတည်ပြုခန့်အပ်ရတာ ဖြစ်ပါတယ်။

အခုစနစ်သစ်မှာတော့ တရားရုံးချုပ် တရားသူကြီးတွေ အပါအဝင် တရားသူကြီးတိုင်း ရွေးကောက်ပွဲဝင်ရမှာဖြစ်ပြီး လူထုမဲနဲ့ ရွေးရမှာဖြစ်ပါတယ်။

ဒီစနစ်က ပွင့်လင်းမြင်သာမှု ပိုရှိတယ်လို့ အိုဘရာဒေါက ပြောပေမဲ့ တရားသူကြီးကို နိုင်ငံရေးသမားလို မဲပေးခိုင်းရင် ဩဇာကြီး နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေနဲ့ ဒုစရိုက်ဂိုဏ်းတွေကပါ တရားရေးကို ချယ်လှယ်လာကြမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ကမ္ဘာအနှံ့က နိုင်ငံ့မဏ္ဍိုင်သုံးရပ်မှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကိုသာ ပြည်သူက ရွေးကောက်တင်မြှောက်ရလေ့ ရှိပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024