စက်တင်ဘာ ၁၆ ရက်က ထွက်ရှိသွားတဲ့ ထိုင်းထီပေါက်ဂဏန်း ၆၀၈၆၆၂ ပထမဆု ထိုင်းဘတ်ငွေ ၆ သန်းကို ထိုင်းတောင်ပိုင်း ရနောင်းမြို့က မြန်မာရေလုပ်သားတယောက်က ကံထူးစွာ ဆွတ်ခူးရ ရှိသွားပါတယ်။
ထီပေါက်တဲ့ မြန်မာလုပ်သားဟာ အသက် ၄၂ နှစ်ရှိ ရခိုင်တိုင်းရင်းသား တယောက်ဖြစ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ဇာတိဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ရနောင်းမှာ အလုပ်လာလုပ် တာ နှစ် ၂၀ ကျော်သွားပြီလို့ ဆုငွေထုတ်ယူရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ (M.H.A.C) မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက DVB ကို ပြောပါတယ်။
“သူက ထီဖွင့်တဲ့နေ့မှာပဲ သုံးစောင်ဝယ်လိုက်တယ်၊ တစောင်က သူ့သူငယ်ချင်းကို ပေးတယ်၊ ထီပေါက်ရင် တဝက်ပေးဆိုပြီးတော့လည်းပြောခဲ့တယ်။ ကျန်တဲ့ နှစ်စောင်သူယူထားပြီး အဲဒီထဲက တစောင်ပေါက်တာပါ။ ဆုငွေ ထုတ်ဖို့ ကျနော်တို့အဖွဲ့ဆီ အကူအညီတောင်းလာတော့ မနေ့ ( စက်တင်ဘာ ၁၇ ) ကပဲ နေ့ချင်းပြီး ထုတ်ပေးလိုက်ပါပြီ။ ထိုင်းဘတ် ၆ သန်းပါ။”
ထီပေါက်တဲ့ ရခိုင်အမျိုးသားဟာ ရေလုပ်သားဆက်မလုပ်တော့ဘဲ မိသားစုနဲ့အတူ တခြားစီးပွါး ရေး လုပ်ငန်းတခုခုပြောင်းလုပ်မယ်လို့ ပြောတယ်လို့ ဆိုပါတယ်။
ကိုရဲမင်းဦးဆောင်တဲ့ (M.H.A.C) မဟာမိတ်အဖွဲ့အနေနဲ့ ထိုင်းအစိုးရထီရဲ့အမြင့်ဆုံး ဘတ် ၆ သန်းဆုပေါက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဆုငွေတွေကူထုတ်ပေးခဲ့တာမှာ ခုတကြိမ် အပါအဝင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သူ ၅၃ ယောက် ရှိပြီဖြစ်ကြောင်း၊ ဒီ ၂၀၂၄ ခုနှစ်မှာတင် ပထမဆုပေါက်သူ ၃ ယောက်ကို ဆုငွေလိုက်ထုတ်ပေးခဲ့ရတယ်လို့ ကိုရဲမင်းက ပြောသွားပါတယ်။