Home
အားကစား
၇ ဂိုးပြတ်နိုင်ပွဲရပြီးနောက် 'ပြီးပြည့်စုံသည့်ည' ဖြစ်ဟု မန်ယူနည်းပြပြော
DVB
·
September 18, 2024
Photo-Reuters

မနေ့ညက ကန်သွားတဲ့  ကာရာဘောင်လိဂ်ဖလား ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းက လိဂ်ဝမ်းကလပ်အသင်း ဘန်စလေအသင်းကို  (၇-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

မန်ယူအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၁၆ မိနစ်မှာ  ဂါနာချိုကန်တင်ပေးတဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ် က ဂိုးဧရိယာထဲကို ဆွဲယူသွားပြီး ဂိုးသမားနဲ့ အနီးကပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ 

ဒုတိယ ဂိုးကိုတော့ ဘရာဇီးတောင်ပံကစားသမား အန်တိုနီက ပင်နယ်တီကနေတဆင့် ကန်သွင်းပေးခဲ့တာဖြစ်ပြီး  ပွဲချိန် ၄၅ မိနစ်အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ ဂါနာချိုက သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာကတည်းက မန်ယူအသင်းက ၃ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၄၉ မိနစ်မှာ ဂါနာချိုက နောက်ထပ် တဂိုးသွင်းယူပေးခဲ့ပြီး ၅၈ မိနစ်မှာ ရက်ရှ်ဖို့ဒ်က တဂိုးနဲ့ ပွဲချိန် ၈၁ မိနစ်နဲ့ ၈၅ မိနစ်တွေမှာ အဲရစ်ဆင်က ၂ ဂိုးဆက်တိုက်သွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်ယူအသင်းက ၇ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။ 

ဒါဟာ မန်ယူအသင်းအနေနဲ့ နည်းပြတန်ဟတ်ဂ်လက်ထက်မှာ ဂိုးကွာခြားချက် ၇ ဂိုးနဲ့ နိုင်ရခဲ့တဲ့ ပွဲစဉ်တခုဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတုန်းက ဆောက်သမ်ပတန်အသင်းကို (၉-၀) ဂိုးနဲ့ အနိုင်ရပြီးနောက် ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။  

မန်ယူနည်းပြတန်ဟတ်ဂ်က “အသင်းအတွက်တော့ ပြီးပြည့်စုံတဲ့ညဖြစ်တယ်၊ ကျနော်တို့ စီစဉ်ထားတဲ့အတိုင်း အကုန်လုပ်နိုင်ခဲ့တယ်၊ နောက်တဆင့်တက်ဖို့ အနိုင်ရခဲ့တယ်၊ အရမ်းကောင်းတဲ့ ဂိုးတချို့သွင်းယူနိုင်ခဲ့တယ်၊ ပရိတ်သတ်တွေကို ဖျော်ဖြေမှုပေးနိုင်ခဲ့ပြီး ကျနော်တို့ရဲ့ ကစားတဲ့ပုံစံအတိုင်း လုပ်နိုင်ခဲ့လို့ ကျနော်တို့ အရမ်းပျော်ပါတယ်”လို့ ပွဲအပြီးမှာ ပြောပါတယ်။

ဒီပွဲမှာ ဂါနာချို ၂ ဂိုးသွင်း ၂ ဂိုးဖန်တီးပေးပြီးခြေစွမ်းပြကစားနိုင်ခဲ့သလို  ပြီးခဲ့တဲ့ရာသီက  သွင်းဂိုးနည်းလို့ ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာလည်း  ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး  ၂ ပွဲဆက်တိုက် သွင်းဂိုးတွေရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024