Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေလုပ်ကွက်၌ တောင်ပြိုမှုကြောင့် လူရာချီ သေဆုံး ပျောက်ဆုံး 
DVB
·
September 17, 2024
Photo - အရေးပေါ်ကူညီရေးပရဟိတအဖွဲ့ဝင်တဦး

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ရွှေလုပ်ကွက်တွေမှာ တောင်ပြိုမှုဟာ စည်းကမ်းမဲ့ ရွှေတူးဖော်ခဲ့တာကြောင့်ဖြစ်ပြီး လူရာနဲ့ချီ သေဆုံးကာ ပျောက်ဆုံးသူတွေလည်း ရာချီရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့ ရွှေအများဆုံးထွက်ရှိရာ ရမည်းသင်းမြို့နယ် အရှေ့ဘက်ရှိ မိုးထိမိုးမိ ရွှေလုပ်ကွက် တကြောမှာ စက်တင်ဘာ ၁၁ ရက်ညက အရှိန်အဟုန်နဲ့ ကျဆင်းလာတဲ့ တောင်ကျချောင်းရေနဲ့ အတူ တောင်ပြိုကျခဲ့တာကြောင့် သပြေပင်၊ ချောင်းဖျား၊ ငါးတဲစု စတဲ့ ကျေးရွာတွေမှာ လူအသေအပျောက်များခဲ့ပါတယ်။

စည်းကမ်းမဲ့ ရွှေတူးဖော်ခဲ့တာကြောင့် တောင်ပြိုတဲ့ဒဏ်ကိုပါ ရင်ဆိုင်ရတာလို့ သတ္တုတူးဖော်ရှာဖွေရေးနဲ့ ရွှေလုပ်ကွက် ကျွမ်းကျင်သူ ဘူမိဗေဒပညာရှင်တယောက်က သုံးသပ်ပါတယ်။

“အဓိကအချက် ပြောမယ်ဆိုရင် ကျနော်တို့ ရမည်းသင်းဒေသဟာ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့တာပါ။ စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့တယ်ဆိုတာ သတ္တုတွင်းဥပဒေတွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေကို လုံးဝ မလိုက်နာဘဲ လုပ်ခဲ့ပြီးတော့ အခု သိတယ်မလား။ အခုဆိုရင် ပိုတောင်ဆိုးပါတယ်။ ကိုယ် ရွှေရရေးအတွက်ကို ဝင်ပြီးတော့ တူးတဲ့အခါကျတော့ သဘာဝဘေးဒဏ်တွေကို သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ အဲဒါကြောင့် အဲဒီလိုမျိုး ဂရုမစိုက်တဲ့အခါကျတော့ ဆုံးရှုံးမှု ပိုများပါတယ်။ အခုကျတော့ မိုးရေက တအားများတဲ့အခါကျတော့ မြေပြိုတယ်ဆိုတာက မိုးထိမိုးမိတောင်မှာဆိုရင် မိုင်းတွေ ခွဲတယ်။ မြေကြီးတွေက အက်ကွဲတယ်။ အခု မိုးတအား ရွာတဲ့အခါကျတော့ အဲဒီထဲကို မိုးရေတွေဝင်ပြီး မြေပြိုကြတာပါ။”

ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသမှာ မြေပြိုမှုတွေကြောင့် ချောင်းဖျားရွာမှာ သေဆုံးသူ လူ ၄၁ ဦး၊ သပြေပင်မှာ လူဦးရေ ၁၀၀ ကျော်နဲ့ ငါးတဲစုက ချောင်းနံဘေးမှာ နေကြတာဖြစ်လို့ ရွာလုံးကျွတ်နီးပါး သေဆုံးခဲ့တယ်လို့ ရမည်းသင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ရွှေသိန်းက စက်တင်ဘာ ၁၅ ရက်မှာ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံ သတင်းဌာနကို ဖြေကြားထားပါတယ်။

ချောင်းကမ်းနံဘေးမှာ တည်ဆောက်ထားတဲ့ ငါးတဲစုကျေးရွာမှာ ရွာလုံးကျွတ်နီးပါး တောင်ပြို မြေသားတွေအောက် ရောက်ရှိပြီး လူအသေအပျောက်များသလို အဆောက်အအုံတွေ ပျောက်ကွယ်သွားပြီး ချောင်းဖျားကျေးရွာကလည်း ရွာလုံးကျွတ်နီးပါး နစ်မြုပ်ပျက်စီး သေဆုံးခဲ့ရပါတယ်။

အဲဒီကျေးရွာတွေလိုပဲ အိမ်ခြေ ၄၅၀ လောက်ရှိပြီး ချောင်းကမ်းဘေးမှာရှိတဲ့ အဆောက်အအုံပေါင်း ၁၄၂ လုံး ပျောက်ကွယ်ပျက်စီးခဲ့ရတဲ့ သပြေပင်ကျေးရွာက မိုးထိမိုးမိ ရွှေလုပ်ကွက် Zone A ထဲမှာပါဝင်ပြီး အဓိကရွှေလုပ်ကွက်နေရာဖြစ်တဲ့ မိုးထိမိုးမိတောင် နေရာထက် ပေ ၈၀၀ နိမ့်တဲ့ ရွှေလုပ်ကွက်ဟောင်းတခု ဖြစ်ပါတယ်။ 

သပြေပင်ကျေးရွာမှာတော့ နေအိမ်နဲ့အတူ လူ ၇ ဦး ရေထဲမျောပါသွားပြီး အသက်ရှင် ကျန်ရစ်တဲ့ သမီးငယ်ဖြစ်သူကို လက်က မြှောက်ထားရင်း သေဆုံးနေပြီဖြစ်တဲ့ သားဖြစ်သူရဲ့ အခြေအနေကို မိခင်ဖြစ်သူက ပြောပါတယ်။

“သူ့အဖေက သူ့ကို ပွေ့ရင်းနဲ့သေသွားတာ။ မနက်လင်းမှ သူ့လက်ထဲက ဆွဲပြီး ဒီကလေးကို ထုတ်လာရတာ။ သမီးလေးကတော့ မတွေ့သေးဘူး။ သူ့အမေက မတွေ့သေးဘူး။ နှစ်ယောက် ကျန်တယ်။ သူ့အဖေက သား၊ မြေးလေး တယောက်က ဒါတွေ ကွဲကုန်တာ။ ဒါလေးက ကံကောင်းလို့ သူများဆွဲတင်လို့ ဘာမှ ဒဏ်ရာမရလိုက်ဘူး။ ၇ ယောက်၊ အိမ်ရော ပါသွားတာ။”

သပြေပင်ကျေးရွာ ပါဝင်တဲ့ မိုးထိမိုးမိ (Zone – A) ဒေသဟာ မူလက ဆန်းရွှေပြည်ကုမ္ပဏီက တူးဖော်ခွင့်ရခဲ့တဲ့ ရွှေလုပ်ကွက်နေရာဖြစ်ပြီး အခုအခါမှာတော့ တရားဝင်ကုမ္ပဏီ လုပ်ကိုင်နေတာ မရှိဘဲ တခြားဒေသတွေက ရွှေတူးဖော်သူတွေပါ ရောက်ရှိလာပြီး ဆက်လက် တူးဖော်နေဆဲ ဖြစ်ပါတယ်။

အဲဒီဒေသက ရွှေတူးဖော်ရာမှာ တောင်ကမ်းပါးယံတွေကို လိုဏ်ဂူတူးပြီး ရွှေသတ္တုပါဝင်တဲ့ ကျောက်ကြောကို တူးဖော်ယူကြတာပါ။ အဲဒီလို တရားမဝင် ရွှေတူးဖော်လာတာတွေ များတာကလည်း တောင်တွေ မြေပြိုလာတဲ့အထိ အထိနာစေတယ်လို့ ရွှေတူးဖော်သူ အင်းလုပ်သားတယောက်က ပြောပါတယ်။

“ပြောရမယ်ဆိုရင် ရေထုများသွားတာပေါ့။ ရေအားများသွားတဲ့အတွက် တောင်တွေကလည်း နာနေပြီပေါ့ အစ်မရယ်။ ကျင်းတွေဖောက်တဲ့လူတွေက။ ဒီတောင်တွေ တော်တော်များများက ရွှေထွက်တဲ့တောင်တွေချည်းပဲ။  ကျနော်တို့ တောင်တင် မဟုတ်ဘူး။ ဒီနားမှာတင် ရွှေထွက်တယ်။ ဟိုဘက်မှာ သေနတ်တောင်ဆိုတာ ရှိတယ်။ ဟိုဘက်မှာ ဘုရားကုန်းဆိုတာလည်း ရှိတယ်။ ရွှေထွက်တယ်။ ဒီလိုမျိုး သူလိုကိုယ်လို တူးကြ၊ ဖော်ကြဆိုတော့ ပြောရမယ်ဆိုရင် မြေက အောက်ခြေတွေ လှိုက်စားကုန်တာပေါ့။”

မိုးထိမိုးမိဒေသ ရွှေတူးဖော်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ အဆိုးရွားဆိုး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဒီလို အဖြစ်ဆိုးတွေကနေ ကာကွယ်နိုင်ဖို့ ရွှေသတ္တုတူးဖော်ရေးကျွမ်းကျင်သူ ပညာရှင် တယောက်က အကြံပေး သုံးသပ်လိုက်ပါတယ်။

“အဲဒီလို မဖြစ်အောင် ဘာလုပ်ရမလဲဆိုတော့ ကျနော်တို့ ဒီနိုင်ငံမှာကတော့ တော်တော်များများက သစ်ပင် ဆုံးရှုံးသွားပြီလေ။ အဲဒီတော့ ဒီလိုမျိုး မြေပြိုတာ မဖြစ်အောင် သစ်ပင်စိုက်ရမယ်၊ သစ်ပင်တွေက ဒီလိုမျိုး မြေဆီလွှာတွေကို ထိန်းသိမ်းထားတယ်လေ။ ဒီမိုးထိမိုးမိ တတောင်လုံးက ဘာဖြစ်လဲဆိုရင် ရွှေထွက်တယ်ဆိုပြီး မိုင်းတွေခွဲတယ်၊ မိုင်းတွေခွဲတော့ မြေကြီးတွေက ပုံမှန်အတိုင်း မဟုတ်ဘူး။ မြေကြီးတွေက မွနေတာပေါ့။ မွနေတော့ ကျနော်တို့က ဘယ်လို ပြောမလဲ၊ မိုးရေတွေ ဝင်လာတယ်။ မိုးရေတွေက မွနေတဲ့ မြေကြီးထဲကို မိုးရေတွေ ဝင်တော့ ပြိုကျတယ်။ အဲဒီလိုဖြစ်တော့ မိုးထိမိုးမိက ရှင်းရှင်းပြောရင် တော်တော်များများ ခံရမှာပဲ။ ဒီတကြောမှာတော့လေ။”

ရမည်းသည်းမြို့နယ်ထဲမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ ဝါးဖြူတောင်ပေါ်က ဧက ၆၀၀၀ ကျော်ကျယ်တဲ့ မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်အပြင် ပန်းတောင်ဒေသမှာ ဒေသခံနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ ရွှေအသေးစားလုပ်ကွက်တွေလည်း အများအပြား ရှိပါတယ်။

တလကို ပုံမှန်ရွှေပိဿာ ၆၀ လောက်ထွက်တဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်ဆိုတာဟာ သူဋ္ဌေးကြီး ဦးစိုးထွန်းရှိန်ရဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အစိုးရကို ရွှေကြွေး ကျန်ရှိနေတာကြောင့် NLD အစိုးရလက်ထက် တရားရင်ဆိုင်ခဲ့ရာကနေ နာမည်ကြီးခဲ့တဲ့ ဒေသလည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024