အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတောင်ပိုင်းက ရန်ချို ပါလိုစ်ဗာဒီမြို့မှာ စက်တင်ဘာ ၃ ရက်က မြေပြိုမှုအခြေအနေ ပိုမိုဆိုးရွားလာလို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးစ်ဆွန်မ်ဟာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ရေ မီး ဖြန့်ဖြူးနေတဲ့ တောင်ပိုင်းကယ်လီဖိုးနီးယား အက်ဒီဆင် (SCE) ကုမ္ပဏီက ပင်လယ်ရှုခင်းရပ်ကွက်က အိမ် ၁၀၅ လုံးအတွက် လျှပ်စစ်မီးကို ပိတ်ချပြီးတဲ့နောက် တရက်အကြာမှာ အရေးပေါ်အခြေအနေ ကြေညာချက် ထွက်ပေါ်လာတာပါ။
ပေါ်တူဂီဘန်းရပ်ကွက်မှာလည်း စက်တင်ဘာ ၁ ရက်က အိမ်ခြေ ၁၄၀ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
မြို့အာဏာပိုင်တွေက သီတင်းပတ်ကုန်မှာ ဘေးလွတ်ရာဆီ ရွှေ့နေကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းဖို့နဲ့ အစားထိုးအိမ်ရာတွေ ရှာဖွေ ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ တောင်ဘက် မိုင် ၃၀ အကွာက ရန်ချို ပါလိုစ် ဗာဒီစ်မြို့ဟာ မြေယာလှုပ်ရှားမှုကို ကာလကြာရှည် ကိုင်တွယ်ဖြေရှင်းခဲ့ပေမဲ့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်။
ဩဂုတ် ၂၉ ရက်က တာဝါတိုင်တခု ပျက်စီးခဲ့ပြီး ချုံပုတ်တောတခု မီးလောင်ခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုအပြီး အဲဒီဧရိယာအတွင်း လုပ်ငန်းလည်ပတ်ဖို့ လုံခြုံမှုမရှိတော့ဘူးလို့ ကုမ္ပဏီက ဆုံးဖြတ်ခဲ့ပါတယ်။
လျှပ်စစ်မီးပြတ်တောက်ခဲ့တဲ့ အိမ်ခြေ ၂၄၅ လုံးအနက် ၂၉ လုံးက အကန့်အသတ်မရှိ ဓာတ်အားပြတ်တောက်သွားမှာပါ။
ပေါ်တူဂီဘန်းရပ်ကွက်မှာလိုပဲ ပင်လယ်ရှုခင်းရပ်ကွက်က အခြေအနေက SCE ရဲ့ ဖောက်သည်တချို့အတွက် လျှပ်စစ်ဝန်ဆောင်မှုကို လုံလုံခြုံခြုံ ပေးမရတော့တဲ့ အဆင့်ကို ရောက်သွားပြီလို့ SCE ရဲ့ အမှုဆောင် ဂျော့ချ်မန်းဒေါ့ဖ်က မြို့တော်ကောင်စီ အရေးပေါ် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
“အဲဒီရပ်ကွက်မှာ မြေယာလှုပ်ရှားမှုက အင်မတန် ကျယ်ပြန့်လို့ ကျနော်တို့ ဘေးကင်းကင်း လုံလုံခြုံခြုံ ဝန်ဆောင်မှုပေးဖို့ စနစ်ကို ဒီဇိုင်းထုတ်လို့ မရပါဘူး” လို့လည်း သူက ပြောခဲ့ပါတယ်။
Source-Reuters