တိုင်ဖွန်းမုန်တိုင်း ဘေဘီကာဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ကို စက်တင်ဘာ ၁၆ ရက် မနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Category 1 တိုင်ဖွန်းအဖြစ် သတ်မှတ်ထားတဲ့ ဒီမုန်တိုင်းဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်း တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးဗဟိုချက်ကို တိုက်ရိုက်ထိမှန်တဲ့ အားအကောင်းဆုံး အပူပိုင်းဆိုင်ကလုံးလည်း ဖြစ်ပါတယ်။
ရှန်ဟိုင်းနဲ့ ကျဲ့ကျန်းပြည်နယ်ကို ဝင်ရောက်တဲ့ ဒီမုန်တိုင်းကြောင့် ရှန်ဟိုင်းက အဓိက လေဆိပ်နှစ်ခုစလုံးက လေကြောင်းခရီးစဉ်အားလုံး ဖျက်သိမ်းထားရပါတယ်။
အမြန်လမ်းတွေ ပိတ်လိုက်ပြီး ဘတ်စ်ကားခရီးစဉ်တွေ၊ ရထားခရီးစဉ်တွေ ရပ်ဆိုင်းထားရပါတယ်။
မုန်တိုင်းမျက်ဝန်းအနီးတဝိုက်မှာ အမြင့်ဆုံးလေတိုက်နှုန်းဟာ တနာရီကို ၉၄ မိုင်အထိရှိတဲ့ ဘေဘီကာဟာ လူဦးရေ ၂၅ သန်းနီးပါး နေထိုင်တဲ့ မြို့ကို ဒေသစံတော်ချိန် မနက် ၇ နာရီခွဲမှာ ဝင်ရောက်လာပါတယ်။
ဒီမုန်တိုင်းဟာ ၁၉၄၉ ခုနှစ်က ဂလော်ရီယာ တိုင်ဖွန်းမုန်တိုင်းနောက်ပိုင်း ရှန်ဟိုင်းကိုဝင်တဲ့ မုန်တိုင်းထဲမှာ အကြီးဆုံးဖြစ်ပါတယ်။
အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတွေဟာ ပုံမှန်အားဖြင့် ရှန်ဟိုင်းကို တိုက်ရိုက်ထိတာ နည်းပြီး တရုတ်တောင်ပိုင်း ပိုအလှမ်းဝေးတဲ့ အရပ်ဒေသကို ဝင်လေ့ရှိပါတယ်။
ရှန်ဟိုင်း ဒစ္စနေအပန်းဖြေစခန်း အပါအဝင် အပန်းဖြေစခန်းတွေလည်း ပိတ်ထားပါတယ်။ ဒေသခံ ၄ သိန်းလောက်ကို ဘေးလွတ်ရာရွှေ့ပေးထားပြီး သင်္ဘောအစီး ၈၀၀ ကျော် ဆိပ်ကမ်းပြန်ကပ်ထားပါတယ်။
အဖွဲ့ဝင် ၅ သောင်းကျော်ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ ၂,၅၀၀ လည်း အသင့်ပြင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း အဖျက်ပြင်းအား Category 4 အထိရှိတဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်းဟာ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို ဝင်ခဲ့ပါတယ်။
Source-Reuters