Home
မြန်မာသတင်း
ကူညီကယ်ဆယ်ရေး မှေးမှိန်အောင် မီဒီယာများ ဆောင်ရွက်နေ၊ အဝေးရောက်များ နိုင်ငံအကျိုး ဘာမှမလုပ်ပေးဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဝေဖန်
DVB
·
September 16, 2024

မီဒီယာတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေကြောင်းနဲ့ အဝေးမှာနေသူတွေ မြန်မာနိုင်ငံအကျိုးကို ဘာမှလုပ်ဆောင်ပေးမှာ မဟုတ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံခဲ့လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၁၆ ရက် ဒီနေ့ထုတ် သတင်းစာတွေမှာ  ပြောကြားထား တာပါ။

ဗိုလ်ချုပ်ဇော်မင်းထွန်းက  “ဒီနေရာမှာ ပြည်သူလူထုကို ကျနော် အသိပေး ပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ တခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လို့ဖျက်ဆီး လုပ်နေသူတွေဟာ ကျနော်တို့ ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လျစ်လျူရှုပြီး ကျနော်တို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ကောလာဟလနဲ့ ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အဝေးရောက်နေသူတွေအနေနဲ့  မြန်မာနိုင်ငံအကျိုးကို ဘာမှလုပ်ဆောင်ပေးမှာ မဟုတ်ဘူးလို့လည်း စစ်ကောင်စီ ပြောခွင့်ရသူက ပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ ကျနော်တို့ရဲ့ စုစည်းအားကို ပြသကြဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ ညီညွတ်တဲ့အင်အားကို ပြသဖို့ လိုပါတယ်။ အဝေးမှာနေပြီး မြန်မာနိုင်ငံရဲ့ ပျက်ရာပျက်ကြောင်းကို ဆောင်ရွက်နေသူတွေအနေနဲ့ မြန်မာနိုင်ငံအကျိုးကို ဘာမှလုပ်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ လုပ်ဆောင်ပေးမှာလည်း မဟုတ်ပါဘူး။ မိမိတို့ပြည်တွင်းအားနဲ့ မိမိတို့ရဲ့ပေါင်းစည်းအားနဲ့သာ ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်”လို့ ပြောပါတယ်။

အဝေးရောက်ပြည်သူတွေက ဘာမှလုပ်မပေးနိုင်ဘူးလို့  စစ်ကောင်စီဘက်က ပြောနေပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ရောက်ရာ နိုင်ငံအသီးသီးမှာ ရန်ပုံငွေရှာဖွေပွဲတွေ နည်းမျိုးစုံနဲ့ လုပ်ဆောင်ပြီး ရေဘေးအတွက်ရော စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ ကူညီပေးနေကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီဟာ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိဘဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလို ပရဟိတလုပ်ငန်းတွေနဲ့ အရပ်ဘက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီး ပိတ်ပင်  ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အရင်အရပ်သားအစိုးရ လက်ထက်ကလို ပြည်သူအားလုံး တက်တက်ကြွကြွ ဝိုင်းဝန်းကူညီမှုတွေ မြင်တွေ့ရတာမရှိပါဘူး။ 

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးကတော့“ရေဘေးမှာ ပြည်သူတွေ သေရတာ တရားခံက စစ်တပ်ပဲ။ မိုး/ဇလကနေ ကြိုတင်သတိပေးတာလည်း မရှိဘူး။ ရေကြီးနေတဲ့အချိန်မှာလည်း စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူနဲ့ အတူမရှိဘူး။ သူတို့ခေါင်းထဲမှာ လက်လွှတ်ထားတဲ့ နယ်မြေတွေကို ဗုံးကြဲဖို့ပဲ သိတယ်။ စစ်တပ်ရဲ့ အရည်အချင်းက အိမ်နီးချင်း ထိုင်းရဲ့ ခြေဖျားတောင် မမီဘူး”လို့ DVB ကို ပြောပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရေဘေးဒုက္ခသည်တွေကို ထိုင်းစစ်တပ်ကနေ ရဟတ်ယာဉ်တွေနဲ့ အကူအညီတွေ ပေးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်သွားတဲ့ အင်အားပြင်းမုန်တိုင်း ယာဂီရဲ့ အရှိန်ကြောင့် ဗီယက်နမ်၊ တရုတ်နဲ့ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာ ရေဘေးသင့်ခဲ့သလို မြန်မာနိုင်ငံမှာလည်း နေပြည်တော် အပါအဝင် ရှမ်း၊ မွန်၊ ကရင်နီနဲ့ ကရင်ပြည်နယ်တွေ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးနဲ့ ဧရာဝတီတိုင်း အပါအဝင် မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပွားခဲ့တာပါ။

စက်တင်ဘာ ၁၄ ရက် ညပိုင်းအထိ  နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၁၁၃ ယောက်၊  ပျောက်ဆုံးသူ ၆၄ ယောက်၊ ဒဏ်ရာရရှိသူ ၁၄ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီက ပြောပေမဲ့ မြေပြင်လက်တွေ့မှာတော့  သေဆုံးသူအရေအတွက် ဒီထက်ပိုများနိုင်ပြီး DVB က ရထားတဲ့ စာရင်းအရတော့ သေဆုံးသူ ၃၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတဝန်းလုံးမှာ ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၇၂,၉၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော်၊ လူဦးရေအနေနဲ့ကတော့ ၃၂၀,၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013