Home
မြန်မာသတင်း
ပဲခူးတိုင်း ဝန်ကြီးချုပ် လက်မှတ်ပါမှ ရေဘေးကူညီခွင့်ပြု 
DVB
·
July 30, 2024

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ ရေဘေးအတွက် အရေးပေါ် ကူညီထောက်ပံ့မယ်ဆိုရင် စစ်ကောင်စီဂိတ်တွေက ပဲခူးတိုင်း ဝန်ကြီးချုပ် လက်မှတ်ပါမှ ကူညီခွင့်ပေးတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

မုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် အခုတပတ်အတွင်း တောင်ကျချောင်းရေနဲ့ စစ်တောင်းမြစ်ရေ တက်တာကြောင့် ရပ်ကွက် ၄ ခုနဲ့  ကျေးရွာ ၅၇ ရွာကျော် ရေနစ်မြုပ်နေပြီး လူသောင်းနဲ့ချီပြီး ရေဘေးသင့်နေပါတယ်။

ရေးဘေးသင့်နေတဲ့ ကျေးရွာ၊ ရပ်ကွက်တွေက ပြည်သူတွေက အကူအညီတောင်းတာကြောင့် ပရဟိတအဖွဲ့တွေက သွားရောက်ကူညီရာမှာ စစ်ကောင်စီဂိတ်တွေက နယ်မြေအနေအထားအရ ပဲခူးတိုင်းဝန်ကြီးချုပ် လက်မှတ်ပါမှ ဝင်ခွင့်ပေးမယ်လို့ ပြောတဲ့အတွက် ပြန်လှည့်လာခဲ့ရတယ်လို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့က နယ်မြေမငြိမ်းချမ်းတဲ့အတွက် ပဲခူးတိုင်းဝန်ကြီးချုပ်လက်မှတ်မပါရင် ဝင်လို့မရဘူးလို့ စစ်တပ်ဂိတ်တွေက ပြောတယ်။ ဘယ်လိုမှ ညှိပြီးဝင်လို့မရဘူး။ သူတို့က လက်မှတ်မပါရင်တော့ ဘယ်လိုမှ ပေးဖြတ်လို့မရဘူးပေါ့၊ တကယ်လို့ လက်မှတ်သာ ပါမယ်ဆို အချိန်မရွေး ပေးဝင်မယ်လို့ ပြောပါတယ်။ အခုတော့ ကူညီမယ့်ပစ္စည်းတွေ မကူညီခဲ့ရဘဲ ပြန်လှည့်လာခဲ့ရတယ်” လို့ ပြောပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် လက်မှတ်ရဖို့အတွက် မုန်းဒေသအုပ်ချုပ်ရေးမှူးကတဆင့် ကျောက်ကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၊ အဲဒီကတဆင့် ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ပဲခူးတိုင်း အထွေထွေးအုပ်ချုပ်ရေးရုံးတို့မှ ပဲခူတိုင်းဝန်ကြီးချုပ်အထိ အဆင့်ဆင့်‌ တင်နေရတဲ့အတွက် ၁၄ ရက်လောက် ကြာတယ်လို့ ဆိုပါတယ်။

ပရဟိတသမားတဦးက “လက်မှတ်ရဖို့ မုန်းမြို့နယ်အုပ်ချုပ်ရေးမှူးကနေစပြီး အဆင့်ဆင့်‌ တင်ရတာ။ အဲဒါက ၁၄ ရက်လောက် ကြာမယ်ဆိုတော့ အဆင်မပြေဘူးပေါ့။ ရေဘေးကလည်း အရေးပေါ်ကယ်ဆယ်ရေးလေ။ အချိန်ယူပြီး ကယ်လို့မှ မရတော့တာ။ အခုက အကူအညီပေးချင်တယ်ဆိုရင် ရေမကြီးခင် ၂ ပတ်လောက်က ကြိုသိပြီး ကြိုတင်ပြီး စာတင်မှပဲ ဖြစ်တော့မယ်” လို့ ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလျှံတာကြောင့် ပြည်သူလူထု စိုက်ပျိုးထားတဲ့ လယ်တွေ၊ လမ်းတံတားတွေ၊ တိရစ္ဆာန်တွေနဲ့ ပြည်သူပိုင်ပစ္စည်းဥစ္စာ ဆုံးရှုံးမှုတွေ ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

KNU အနေနဲ့ လက်ရှိမှာ ညောင်လေးပင်ခရိုင်အတွင်း ရေဘေးသင့်လူထုကို ရွှေ့ပြောင်းကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပေမယ့် စစ်ပွဲဖြစ်ပွားတဲ့ နေရာတွေနဲ့ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ နေရာတွေကို အကူအညီသွားရောက်ပေးဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013