Home
နိုင်ငံတကာ
ဆော်ဒီတွင် ကမ္ဘာ့ပထမဆုံး စက်ရုပ်နည်းပညာသုံး နှလုံးအစားထိုးကုသမှု အောင်မြင်
DVB
·
September 15, 2024
Photo - Reuters

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်ရှိ ဖှိုင်ဆယ်လ်ဘုရင် အထူးကုဆေးရုံနဲ့ သုတေသနစင်တာက ခွဲစိတ်ဆရာဝန်တွေဟာ အသက် ၁၆ နှစ်အရွယ် လူနာတယောက်ကို  စက်ရုပ်နည်းပညာနဲ့ နှလုံးအစားထိုး ခွဲစိတ်ကုသမှုကို ပထမဆုံး ပြုလုပ်ခဲ့နိုင်ကြောင်း အဲဒီဆေးရုံက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁၂ ရက်ကဆေးရုံမှာ ထုတ်ပြခဲ့တဲ့ ဗီဒီယိုထဲမှာ ခွဲစိတ်ဆရာဝန်တွေဟာ အမည်မသိ နှလုံးရောဂါ ဝေဒနာရှင်ကလေးငယ်ကို အချိန် ၂ နာရီခွဲကြာ ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နှလုံးခွဲစိတ်ကုသရေး ဌာနမှူးလည်းဖြစ်တဲ့ စက်ရုပ်နဲ့ ခွဲစိတ်မှု အစီအစဉ်ရဲ့ဒါရိုက်တာ ဒေါက်တာ ဖှေးရက်စ်ခလိယ်က “ပထမဆုံး အောင်မြင်မှုဖြစ်တဲ့ စက်ရုပ်သုံးပြီး နှလုံးအစားထိုး ကုသမှုကို ရင်ခေါင်းဖွင့် ခွဲစိပ်ဖို့ မလိုအပ်ဘဲ နံရိုးကြားနားမှာ ၆ စင်တီမီတာ ကနေ ၇ စင်တီမီတာလောက် သေးငယ်တဲ့ ခွဲစိတ်မှုတခုကို  ပြုလုပ်ခဲ့တာ ဖြစ်တယ်”လို့ ပြောပါတယ်။

ခွဲစိတ်မှုဟာ မြန်ဆန်ပြီး အောင်မြင်ကြောင်းနဲ့ ခွဲနေတုန်းရော ခွဲပြီးချိန်မှာပါ ဘာရှုပ်ထွေးမှုတွေမှ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အလှူရှင်ရဲ့ တစ်ရှူးနဲ့လည်း ကိုက်ညီမှုရှိပြီး လူနာဖြစ်သူကလည်း သူ့ကို ရင်ခေါင်းဖွင့် မခွဲစိတ်ဖို့ အတိအကျ တောင်းဆိုခဲ့ပြီး အစားထိုးကုသမှုကို ဖြစ်နိုင်သမျှ တခြားနည်းနဲ့ လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်လို့ ဒေါက်တာ ဖှေးရက်စ် ခလိယ်က ပြောပါတယ်။

စက်ရုပ်နဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်ဟာ နာလန်ထူကာလ သီတင်းပတ်ချီ၊ လချီ ကြာမြင့်တတ်တဲ့ သမားရိုးကျ ရင်ခေါင်းဖွင့် ခွဲစိတ်မှုကနေ လမ်းကြောင်းပြောင်းပြီး စက်ရုပ်နည်းနဲ့ နှလုံးအစားထိုး ခွဲစိတ်ကုသမှုကို ပြောင်းလဲလာဖို့ မျှော်လင့်ရပါတယ်။

ဆေးရုံရဲ့ အဆိုအရ စက်ရုပ်သုံး နှလုံးခွဲစိတ်အဖွဲ့ဟာ လူနာအပေါ် တကယ်မခွဲစိတ်ခင်မှာ လုပ်ထုံးလုပ်နည်းအတိုင်း ၃ ရက် အတွင်း ၇ ကြိမ် အစစ်အတိုင်း လေ့ကျင့်ခွဲစိတ်မှု လုပ်ခဲ့တယ်လို့ သိရပါတယ်။

အမည်မသိလူနာရဲ့မိခင်ကတော့ သူ့ခွဲစိတ်မှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တဲ့အတွက် အရမ်းကို အပျော်လွန်မိပြီး ဘုရားသခင်ကို မယုံနိုင်လောက်အောင်ကို ကျေးဇူးတင်မိပါတယ်လို့ ဆော်ဒီမီဒီယာက ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

စက်ရုပ်နည်းပညာဟာ နာကျင်ကိုက်ခဲမှုကို လျှော့ချနိုင်ပြီး နာလန်ပြန်ထချိန်ကို မြန်ဆန်စေကာ ခွဲစိတ်ပြီးနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးတာကြောင့် အကျဉ်းချုံးဆုံး ထိုးသွင်းခွဲစိတ်မှုကို ခွင့်ပြုဖို့ မျှော်လင့်ထားပါတယ်။

ဒါဟာ လူနာတွေရဲ့ ဘဝအရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးပြီး ပြန်သက်သာကောင်းမွန်လာမှုကို အရှိန်မြှင့်ပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013