Home
ဆောင်းပါး
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းကြီးများ ဖြစ်ပေါ်
DVB
·
September 15, 2024
Photo-Reuters

တိုက်ဖွန်းမုန်တိုင်း ယာဂီဟာ အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းဖြစ်ပြီး ရာသီဥတုပြောင်လဲမှုကြောင့် ဖြစ်ပေါ်လာတယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုပါတယ်။

ရာသီဥတုပူနွေးလာမှုကတဆင့် အားအရမ်းကောင်းတဲ့ မုန်တိုင်းကြီးတွေ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လေလေ မုန်တိုင်းကြီးတွေ ဖြစ်ပေါ်မှု အရေအတွက် များလေလေပါပဲ။

တိုက်ဖွန်းယာဂီနဲ့ ပတ်သက်ပြီး မိုးလေဝသ သိပ္ပံပညာရှင် နာဒီယာက “တိုက်ဖွန်းယာဂီက ဗီယက်နမ်ကို တိုက်ခတ်ခဲ့တဲ့ အားအရမ်းပြင်းတဲ့ မုန်တိုင်းပါ။ ဒါဟာ ၁၀ စုနှစ်အတွင်း ဒီဒေသ အတွက် အားအကောင်းဆုံး တိုက်ဖွန်းမုန်တိုင်းဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်။ အဲဒီမှာ ကျမစိတ်ဝင်စားတာက ယာဂီမုန်တိုင်း ဖိလစ်ပိုင်ကို ဖြတ်တဲ့အချိန် အပူပိုင်း လေဖိအားနည်းရပ်ဝန်းအနေနဲ့ ဖြတ်သန်းခဲ့တာပါ။ ဖိလစ်ပိုင်ကို ဖြတ်ပြီးတာနဲ့ အရှိန်အရမ်းကောင်းတဲ့ မုန်တိုင်းကြီး ဖြစ်လာပြီး ဗီယက်နမ်ကို ဝင်ခဲ့တာပါ”လို့ ပြောပါတယ်။

အခုအချိန်မှာ ကမ္ဘာကြီးဟာ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုသာမက ကမ္ဘာကြီး တခုလုံး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုပြီး ပူလာတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀ က ဓာတ်ငွေ့တွေက ထုတ်လွှတ်လိုက်တဲ့ အပူတွေကို ပင်လယ်နဲ့ သမုဒ္ဒရာတွေက ၉၀ ရာခိုင်နှုန်း စုပ်ယူပါတယ်။

ပင်လယ်၊ သမုဒ္ဒရာတွေရဲ့ ရေအပူချိန်တိုးလာတာနဲ့အမျှ မုန်တိုင်းကြီးတွေ ဖြစ်ပေါ်လာဖို့ လောင်စာ တွေဖြစ်ပေါ်လာပါတယ်။ အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းတွေဟာ မိုးသည်းထန်စွာ ရွာသွန်းတတ်တဲ့ အကြောင်း ကိုလည်း နာဒီယာက ပြောပါတယ်။

“ကမ္ဘာ့မိုးလေဝသယူဆချက်တွေအရ ကျမတို့ တွေ့တာက ရာသီဥတုအပြောင်းအလဲတွေက မိုးသည်းထန်မှုတွေ ဖြစ်စေပြီး တိုက်ဖွန်းယာဂီဖြစ်လာတာပါပဲ။ တိုက်ဖွန်းနဲ့ ဆိုက်ကလုန် မုန်တိုင်းတို့ဟာ ပုံမှန်ဆို အစိုဓာတ်ရှိပြီး မိုး များစေပါတယ်။ ဒါက မိုးလေဝသ အချက်အလက်အရပါ။ နွေးတဲ့လေက စိုထိုင်းမှုကို ပိုပြီး ထိန်းထားရင်းကနေ ရေငွေ့တွေပိုပြီးများသထက်များကာ မိုးအဖြစ်ရွာချတာဖြစ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး အနာဂတ်မှာ မကြာ ခဏတွေ့ရဦးမှာပါ။ ဆိုက်ကလုန်းတွေ၊ တိုက်ဖွန်းတွေကြောင့် ပင်လယ်ရေမျက်နှာပြင်လည်း မြင့်တက်စေပါတယ်။”

မုန်တိုင်းကြီးတွေ ဖြစ်ပေါ်တဲ့အချိန်မှာ အပူပိုင်းမုန်တိုင်းဖြစ်လို့ မိုးလည်း များပါတယ်။ တိုက်ဖွန်းယာဂီဟာ ဒီနှစ်အတွက် အာရှတိုက်ရဲ့ အားအကောင်းဆုံး မုန်တိုင်းကြီးဖြစ်ပြီး ဒီနှစ်အတွင်းမှာ အာရှတိုက်ကို တိုက်ဖုန်း ဂီမီနဲ့ တိုက်ဖွန်း ရှန်ရှန်တို့ ဝင်ရောက်ခဲ့ဖူးပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာအနှံနိုင်ငံတွေမှာ အပူလှိုင်းဖြတ်မှုနဲ့ ကြုံတွေ့ရသလို ပြင်းထန်တဲ့ နွေရာသီအပူဒဏ်ကို အကုန်လုံးခံစားခဲ့ရပါတယ်။

ဇွန်လဟာ အပူဆုံးလဖြစ်ခဲ့သလို ဇူလိုင်လကလည်း အပူဆုံးလအဖြစ် တလပြီးတလ စံချိန်တင်အပူတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလို ကမ္ဘာကြီး ပူလာတာက ရာသီဥတုဖောက်ပြန်တာ ပြောင်းလဲတာဖြစ်ပြီး မုန်တိုင်းကြီးတွေ ဖြစ်ပေါ်စေတယ်လို့  မိုးလေဝသသိပ္ပံပညာရှင် နာဒီယာက ရှင်းပြပါတယ်။

“ရာသီဥတုပြောင်းလဲမှုတွေက အင်အားအရမ်းကြီးတဲ့ အပူပိုင်းဆိုက်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်တယ်ဆို တာကျမတို့ စာတမ်းပြုစုခဲ့ပါတယ်။ ပစိဖစ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းကနေ အပူပိုင်းဆိုက်ကလုန်းမုန်တိုင်း လာတယ်ဆိုတာ ကျမတို့ တွေ့ခဲ့ရပါတယ်။ လက်ရှိ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဒီလို မုန်တိုင်းကြီးတွေ ဖြစ်လာဖို့ အချိုးပိုများလာပါတယ်။”

ကမ္ဘာကြီးဟာ ၁ ဒသမ ၃ ဒီဂရီဆဲလ်စီယပ်ပိုပြီး ပူပြင်းလာလို့ ရာသီဥတုပြောင်းလဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှု၊ စက် သုံးဆီနဲ့ ဓာတ်ငွေ့တွေရဲ့ လောင်ကျွမ်းမှုက ရာသီဥတုပြောင်းလဲမှုတွေကို အဓိက ဖြစ်ပေါ်စေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013