Home
မြန်မာသတင်း
မုန်တိုင်းအကြွင်းအကျန်နှင့် မုန်တိုင်းငယ်ကြောင့် မိုးကြီးပြီး ရေကြီးရေလျှံနိုင်
DVB
·
September 9, 2024

ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်က အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression) အဖြစ်ကို ရောက်ရှိခဲ့လာပြီး တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ယာဂီ အကြွင်းအကျန် သက်ရောက်မှုတွေက ရှမ်းပြည်နယ်အရှေ့ပိုင်းကတဆင့် အလယ်ဒေသတွေအထိ ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းပါတယ်။

စက်တင်ဘာ ၉ ရက် မနက်ကစပြီး ၁၁ ရက်အထိ ၃ ရက်အတွင်းမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွေနဲ့ ဒေသတချို့မှာ မိုးထစ်ချုန်းရွာတာ၊ မိုးအလွန်များတာ ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

“အနောက်ဘက်ကဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်း အနေနဲ့ရော အရှေ့ဘက်ကရွေ့လာတဲ့ ယာဂီလို တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်ရော နှစ်ခုကြားမှာ ကျတော်တို့နိုင်ငံက ရှိနေတယ်။ ဆိုတော့ နှစ်ဖက်စလုံးကလာတဲ့ မိုးလေ အနေအထားကိုတော့ ကျနော်တို့ ခံရမယ်။ အခုဆိုရင် ရှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံပေါ်ကို စရောက်နေပြီပေါ့။ ဒီလေပွေလှိုင်းကြီးထဲမှာ ပါလာတဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက ရှမ်းပြည်တခုလုံးပဲ ပြောပါတော့၊ မိုးအရမ်းများမယ့် အခြေအနေတွေ ဖြစ်နေပြီပေါ့။ မီလီမီတာ ၃၀၀ ကျော် အခြေအနေအထိ ရွာနိုင်တာ တာချီလိတ်တို့ ကျိုင်းတုံတို့၊ အဲဒီကနေ ဆက်လာနိုင်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အဲဒီနေရာတွေအထိပါ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက ရောက်မှာပေါ့။ ဒီဒေသတွေမှာလည်း မိုးက များလာမှာ။”

စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၄၀ တိုင်းထွာချက်အရ တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းတွေက မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွေကတဆင့် ဖြတ်သန်းဝင်ရောက်နေပြီလို့ သိရပါတယ်။

ရွေ့လျားဖြတ်သန်းမယ့် လမ်းကြောင်းက တောင်ဘက်(အောက်ဘက်)ကို ပြောင်းလဲလာတဲ့အတွက် ရှမ်းပြည်နယ်တခုလုံးနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးရိုးမအရှေ့ခြမ်း (ပဲခူးတိုင်းအရှေ့ခြမ်း)၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးများလာနိုင်တယ်လို့ ဖြည့်ပြောပါတယ်။

တာချီလိတ်ဒေသခံတယောက်က “ညကတည်းက မိုးက ရွာလိုက် တိတ်လိုက်နဲ့ ရွာနေတာ အခုထိပဲ၊ ရေကတော့ ရပ်ကွက်ထဲ စတက်လာပြီ” လို့ ပြောပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “ဧရာဝတီမြစ် အနေအထားကတော့ အိုကေပါ့နော်၊ သိပ်ပြီးစိုးရိမ်စရာမရှိဘူး။ ပုံမှန်မှာပဲ ရှိနေသေးတယ်။ လှိုင်မြစ်က သာယာဝ‌တီလောက်ကစပြီး အောက်ဘက် ရန်ကုန်မြစ်ထဲ ရောက်တဲ့အထိကို ၁၂ ရက် ဝန်းကျင်လောက်မှာ တက်လာမယ့် အနေအထားကို တွေ့ရတယ်။ စစ်တောင်းမြစ်ကတော့ စိုးရိမ်ရေမှတ်အထက်ကို တော်တော်လေး မြင့်မြင့်တက်နေပြီ ဆိုတာကို တောင်ငူရဲ့အထက်ပိုင်း ရေတာရှည်လောက်ကနေ စပြီး မြစ်ရေတက်နေပြီဆိုတာကို ကျနော်တို့ တွေ့မြင်နေရတယ်။ ၁၂ ရက် ၁၃ ရက်ဝန်းကျင်မှာ မြစ်ရေ ဘယ်လောက်ထိ တက်လာမလဲ၊ အလယ်ပိုင်းနဲ့ ရှမ်းအရှေ့ပိုင်းကို ဝင်သွားတဲ့ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်သည် ဘယ်လောက်ထိ မိုးများများရွာစေနိုင်မလဲပေါ့၊ သတိထားပြီးတော့ မြစ်ရေအခြေအနေကိုလည်း စောင့်ကြည့်ရမယ်” လို့ ဆက်ပြောပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီမှာတော့ တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေက စိုးရိမ်ရေမှတ်အထက် ၃ လက်မကျော်သွားပြီး နောက်တရက်အတွင်း တပေခွဲအထိ ဆက်လက် မြင့်တက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းကနေ အားကောင်းလာတဲ့ မုန်တိုင်းငယ် Deep Depression ကြောင့် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီကမ်းရိုးတန်းနဲ့ ရခိုင်ကမ်းရိုးတန်းတလျှောက်မှာ ပင်လယ်မိုင် တနာရီ ၁၀ မိုင်ကနေ ၃၅ မိုင်ထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။

တိုက်ခတ်စဉ်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၂ ပေခန့်အထိ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက် နေ့လယ် ၁၀ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013