Home
မြန်မာသတင်း
အကျင့်ပျက်ဝန်ထမ်းများကို အရေးယူသွားမည်ဟု AA ဆို
DVB
·
September 14, 2024

ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်တွေအထဲက အကျင့်ပျက်ဝန်ထမ်းတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့ AA  က စက်တင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

တိုက်ပွဲအတွင်းမှာ လိုက်နာကျင့်သုံးရမယ့် စစ်သည်တော်ကျင့်ဝတ်နဲ့ ပြည်သူလူထုနဲ့ ပြည်သူ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့်ဝတ္တရားတွေကို တိတိကျကျ ပြဋ္ဌာန်ထားပြီး လိုက်နာရမယ်လို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ AA က ပြောထားပါတယ်။

အဲဒီလို ပြဋ္ဌာန်းထားတဲ့အထဲက အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တချို့နဲ့ အုပ်ချုပ်ရေးဘက်က အကျင့်ပျက်ဝန်ထမ်းတချို့ဟာ လုပ်ပိုင်ခွင့်၊ အာဏာကိုအလွဲသုံးစားလုပ်ပြီး ပြည်သူ့စည်းစိမ် ဥစ္စာတွေကိုယူသုံးနေတာကြောင့် အဲဒီဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောလာတာဖြစ်ပါတယ်။

မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့တွေက  ဒေသခံတွေဟာ  တိုက်ပွဲမဖြစ်ခင်ကတည်းက ဘေးလွတ်ရာနယ်မြေတွေကို ကြိုတင်ရှောင်းတိမ်နေကြတာဖြစ်ပြီး အဲဒီမြို့တွေက ဒေသခံတွေပိုင်ဆိုင်တဲ့ ကား၊ ဆိုင်ကယ်၊ မီးခံသေတ္တာ အစရှိတဲ့ ပစ္စည်းတွေဟာ တိုက်ပွဲအတွင်းမှာ ပျက်စီးခဲ့ရတဲ့အပြင် ပျောက်ဆုံးမှုတွေပါရှိတယ်လို့ မြို့ခံတွေရဲ့ တိုင်တန်းချက်နဲ့ AA ရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ စုံစမ်းချက်တွေအရ သိရတယ်လို့လည်း ဆိုပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ခိုးမှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေကိုလည် သေချာစုံစမ်းပြီး ထိုက်တန်တဲ့ အပြစ်ပေးအရေးယူထားသလို ခိုးထားတဲ့ ပစ္စည်းတွေကိုလည်း ပြန်လည် သိမ်းဆည်ရမိရင် ပိုင်ရှင်အစစ်အမှန်တွေလက်ထဲကို ပေးအပ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မပြီးပြတ်သေးတဲ့ ပျောက်ဆုံးမှုတွေကိုလည်း ဖော်ထုတ်စုံစမ်းနေပြီး ပိုင်ရှင်တွေလက်ထဲကို အပ်နှံသွားမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း မိမိတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာတွေဟာ တိုက်ပွဲအတွင်း ရှာဖွေလို့မရအောင် ပျက်စီးဆုံးရှုံးသွားတာမျိုးမဟုတ်ဘဲ အိမ်တွင်း သိမ်းဆည်းထားခဲ့တာ၊ ဝှက်ထားခဲ့တဲ့ပစ္စည်းတွေကို မတွေ့တာမျိုးဆိုရင် သက်ဆိုင်ရာဒေသ၊ နယ်မြေ အုပ်ချုပ်ရေးမှူးတွေဆီကို မှန်မှန်ကန်ကန် သတင်းပေးပို့ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်အတွင်း မြို့တွေဖြစ်တဲ့  ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့တို့အပြင် ပလက်ဝဒေသကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး လက်ကျန်မြို့တွေဖြစ်တဲ့  မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့အားလုံးကို တမြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ဆက်လက်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့  ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် Department of Law Enforcement and Public Security (DLEPS) ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013