မြောက်ပိုင်းညီနောင်မဟာမိတ်ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအစိုးရ သဘောတူညီချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး (ဗဟို)အဖွဲ့က MNDAA၊ TNLA နဲ့ AA တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်တာ ဖြစ်ပါတယ်။
စစ်ရေးလေ့လာသူတဦးက “သူတို့ ဒီလိုကြေညာပြီးရင် ထိုးစစ်ဆင်မယ့် အနေအထားရှိတယ်။ ဆင်ဖြူရှင်စစ်ကြောင်းဖွဲ့ထားတာလည်းရှိတော့ ရှမ်းမြောက်ကို ပြန်တိုက်မယ့် သဘောလား စဥ်းစားစရာ အများကြီးရှိတယ်။ တရုတ်ကလည်း တပ်ကို ကူညီပေးနေတယ်ဆိုတော့ မြောက်ပိုင်းသုံးဖွဲ့ကို ထောက်ပံ့တာတွေ၊ သတင်းပေးတဲ့သူတွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့စစ်တပ်က အရေးယူတာတွေလုပ်လာနိုင်တယ်”လို့ သုံးသပ်ပါတယ်။
အခုလို အကြမ်းဖက်အဖွဲ့တွေအဖြစ် စစ်ကောင်စီက ကြေညာလိုက်တာနဲ့ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တာဝန်ရှိသူတွေကို DVB အနေနဲ့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
၂၀၂၁ ခုနှစ် မတ် ၁၁ ရက်က အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ရုပ်သိမ်းပေးထားတဲ့ အာရက္ခတပ်တော် (AA)အဖွဲ့ကို အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုက အမိန့်အမှတ်(၂/၂၀၂၄) နဲ့ အကြမ်းဖက်အဖွဲ့ အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။
MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေးအဖြစ် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေနဲ့ တပ်စခန်းတွေကို သိမ်းယူခဲ့ပါတယ်။