ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ပြောင်းလဲခဲ့ပြီးနောက် မြို့နဲ့အလှမ်းဝေးတဲ့ မြို့နယ်တွေက လူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲတာတွေ ပိုလုပ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီက ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်လာတဲ့အတွက် အဲ့ဒီမြို့နယ်တွေက လူငယ်တွေဟာ ညမိုးချုပ်ချိန် အပြင်မထွက်ဝံ့ကြတော့သလို မြို့ထဲကို အလုပ်လာရောက် လုပ်ကိုင်သူတွေဟာလည်း ညမိုးမချုပ်ခင်မှာ နေထိုင်ရာ အရပ်ဒေသတွေဆီ ရရာနည်းလမ်းနဲ့ ပြန်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒလမြို့နယ်မှာ နေထိုင်သူတယောက်က “စစ်တပ်က အထိုင်ချစောင့်ပြီးဆွဲတာမျိုးတော့ မဟုတ်ဘူး။ မြို့ကိုပတ်ပြီး မှောင်ရီပျိုးစအချိန်တွေမှာ တွေ့ရင်တွေ့တဲ့သူတွေကို ဆွဲတာ။ အဆွဲခံရသူတွေကလည်း ဘယ်ရောက်လို့ရောက်မှန်းမသိဘူး၊ လိုက်လို့လည်းမရဘူး။ ည ၈ နာရီလောက်ဆိုရင် မြို့ပေါ်မှာ လူသွားလူလာအတော်ရှင်းနေပြီ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းရဲ့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၁ မြို့နယ်မှာ ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်တယ်လို့ ဩဂုတ် ၂၇ ရက်စွဲနဲ့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ပြီးတဲ့နောက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်လာတာပါ။
စစ်ကောင်စီဟာ ပေါ်တာဆွဲတာတွေကို စစ်ကားတွေနဲ့ ပေါ်ပေါ်ထင်ထင် ပြုလုပ်နေသလို ရဲတွေဟာလည်း အိမ်စီးကားတွေနဲ့လှည့်လည်ကာ တွေ့သမျှလူငယ်တွေကို ရိုက်နှက်ဖမ်းဆီးနေတယ်လို့ ဒေါပုံမြို့ခံတယောက်က ပြောပါတယ်။
“မြို့ပြင်မှာ ဖမ်းသလို မြို့ထဲမှာလည်း ဖမ်းကြပါတယ်။ မင်္ဂလာတောင်ညွန့်မှာဆိုလည်း ဒီရက်ပိုင်းထဲ လူငယ်တွေ အဖမ်းခံနေရတာ ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်လို့ ကြားရတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က ဒေါပုံခရိုင်တရားရုံးရှေ့မှာ လူ ၂ ယောက်ကို ရဲတွေက ရိုက်နှက်ဖမ်းဆီးသွားသေးတယ်။ အခုက အလုပ်သွားဖို့ကလည်း လန့်နေရတယ်၊ မသွားပြန်ရင်လည်း မိသားစုအခက်အခဲရှိသေးတယ်။ တော်တော် ဒုက္ခရောက်နေကြရပါတယ်ဗျာ။”
စစ်ကောင်စီက ရန်ကုန်မြို့မှာ ပေါ်တာဆွဲတာတွေကို လမ်းမတွေအပြင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေထဲအထိ ဝင်ရောက်ဖမ်းဆီနေတာကြောင့် ည ၈ နာရီဝန်းကျင်အချိန်ဆိုရင် ရန်ကုန်မြို့လမ်းမတွေဟာ လူသွားလူလာ ရှင်းလင်းနေပြီလို့ မြို့ခံတွေက ဆိုပါတယ်။