ရခိုင်ပြည်နယ် မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီက ဩဂုတ် ၂၈ ရက်က ဓာတုအဆိပ်ဓာတ်ငွေ့ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ဩဂုတ် ၂၉ ရက်က သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က ဩဂုတ် ၄ ရက်က စတင်တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီရဲ့ မြို့တွင်းခံတပ်စခန်းတွေ တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတိုက်ခိုက်နေကြတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA၊ RSO၊ ARA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်တွေဟာ လက်ရှိမှာ စစ်ကောင်စီရဲ့ နောက်ဆုံးတပ်ရင်းဖြစ်တဲ့ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ် (နခခ၅) ထဲကို ဆုတ်ခွာသွားကြပြီး အဲဒီစခန်းထဲကနေ့ လက်နက်ကြီးတွေအပြင် ဓာတုဓာတ်ငွေ့အဆိပ်ဗုံး တွေနဲ့ပါ တိုက်ခိုက်နေတာလို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတုဓာတ်ငွေ့အဆိပ်ဗုံးတွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
မောင်တောမြို့သိမ်းတိုက်ပွဲအတွင်းမှာ ဩဂုတ် ၂၇၊ ၂၈ နဲ့ ၂၉ ရက်နေ့တို့မှာလည်း AA က သိမ်းဆည်းရမိတဲ့ စစ်ကောင်စီရဲ့ ခံတပ်စခန်းကနေ စစ်ကောင်စီတပ်နဲ့ ရိုဟင်ဂျာ တပ်သား အလောင်းတွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်ရမိထားတယ်လို့လည်း ဆိုထား ပါတယ်။
လက်ရှိမှာ မောင်တောမြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကို အဓိကထားပြီး ခုခံနေတယ်လို့ မောင်တောမြို့ခံက ပြောပါတယ်။
“နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေဆဲပဲ။ မြို့ရဲ့နေရာအများစုကတော့ AAက ထိန်းချုပ်ထားပြီး နခခ(၅)နဲ့ အနီးဝန်းကျင်လောက်ပဲစစ်ကောင်စီက ရှိတော့တာလို့သိရတယ်။ ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီက လေယာဉ်ကို အဓိကအားပြုပြီး ခုခံနေတယ်။ နေတိုင်း ဂျက်တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေနဲ့ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတာတွေရှိတယ်။”
မောင်တောမြိုတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ကူမဲ့၊ အခြေအနေဆိုးဝါးစွာနဲ့ အစုလိုက် ကစဉ့်ကလျား ထွက်ပြေးနေကြတာတွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတာကြောင့် မောင်တောမြိုတွင်းတိုက်ပွဲတွေဟာ မြိုတွင်းနေရာတချို့မှာ ပြင်းထန်နေဆဲဖြစ်တယ်လို့ AA က ပြောထားပါတယ်။
ဒါအပြင် စစ်ကောင်စီက သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကူတွေ၊ လက်နက်အင်အားတွေနဲ့ ရေတပ်စစ်သင်္ဘောအရေအတွက်တွေကိုလည်း ထပ်မံဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီးအသည်းအသန် ခုခံနေတာကြောင့် အာရက္ခတပ်တော်ကလည်း အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲတွေဟာ ပြင်းထန်နေဆဲဖြစ်တယ်လို့ AAရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။