Home
မြန်မာသတင်း
အလုံတွင် YBS ယာဉ် မီးလောင်
DVB
·
September 13, 2024
Photo Crd-အလုံကြက်ခြေနီ၊ အနာဂတ်အလင်းတန်း

ရန်ကုန်၊ အလုံမြို့နယ်၊ အလုံလမ်းမမီးပွိုင့်နဲ့ အောက်ကြည့်မြင်တိုင်လမ်းထောင့်မှာ စက်တင်ဘာ ၁၃ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က YBS 22 ယာဉ် မီးလောင်ခဲ့တယ်လို့ အလုံကြက်ခြေနီတပ်ဖွဲ့က ပြောပါတယ်။

YBS 22 ဟာ ဆူးလေ-လှိုင်သာယာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်ပြီး မြို့ထဲဘက်ကနေ ကြည့်မြင်တိုင်ဘက် အပြန်လမ်းမမှာ ကားနောက်ဖုံးကနေ ဝါယာရှော့ဖြစ်ရာက CNG ဂက်စ်ပိုက်နဲ့ ထိ‌တွေ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

အလုံကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “မီးစလောင်တာက ၁၀ နာရီခွဲလောက်ကပါ။ ရောက်ရှိတာက ၁၀ နာရီ ၄၅ လောက်။ မီးသတ်ဆေးဘူး ၁၅ ဘူး၊ မီးသတ်ယာဉ်တွေနဲ့ ငြှိမ်းပေမဲ့ CNG ပိုက်က ပွင့်နေတော့ တစီးလုံးကူးသွားတယ်။ လူတွေတော့ ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။

မီးလောင်မှုကို အချိန်မီသိခဲ့တာကြောင့် ခရီးသည်တွေ ဘေးလွတ်ရာ ဆင်းသက်နိုင်ခဲ့လို့ လူထိခိုက်မှု မရှိဘူးလို့ သိရပြီး အလုံကြက်ခြေနီတပ်ဖွဲ့၊ အနာဂတ်အလင်းတန်းအသင်း၊ မြို့နယ်မီးသတ်တို့က လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။

မီးလောင်နေတဲ့ YBS ဟာ မနက် ၁၁ နာရီလောက်မှာ မီးငြိမ်းသွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသားကိုတော့ အလုံမြို့မရဲတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ဆောင် သွားတယ်လို့ သိရတဲ့အပြင် ပျက်စီးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013