မြောက်ကိုရီးယားနိုင်ငံဟာ ယူရေနီယံ သန့်စင်စက်ရုံကို ထုတ်ဖော်ပြသခဲ့ပြီး နျူးကလီးယားစွမ်းရည်ကို အရှိန်မြှင့် လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချလိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ပြုံယမ်းရဲ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်ရေးကို ဘယ်တော့မှ လက်ခံမှာမဟုတ်ကြောင်းလည်း စက်တင်ဘာ ၁၃ ရက်မှာ တောင်ကိုရီးယားဝန်ကြီးဌာနက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူဗြောင်းဆန်က “မြောက်ကိုရီးယားရဲ့ နျူလက်နက်တွေ တရားမဝင် တီထွင်မှုဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အများအပြားကို ပြတ်ပြတ်သားသား ချိုးဖောက်ပြီး ကိုရီးယားကျွန်းဆွယ်နဲ့ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုတခု ဖြစ်တယ်” လို့ ပြောပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာမဆို တောင်ကိုရီးယားနိုင်ငံနဲ့ နိုင်ငံတကာ အသိုက်အဝန်းတို့ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက် ပိုင်ဆိုင်မှုကို လက်ခံမှာမဟုတ်ကြောင်းနဲ့ ဒါကို မြောက်ကိုရီးယားက ရှင်းရှင်းလင်းလင်း သိထားရမယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကနေ ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ယူရေနီယံ သန့်စင်ရေးစက်ရုံ ခရီးစဉ်နဲ့ နျူလက်နက် အဆင့်မြှင့်တင်ရေးပစ္စည်းတွေ ပိုမိုထုတ်လုပ်ရေး တိုက်တွန်းမှုတွေအကြောင်း သတင်းထုတ်ပြန်လာပြီးနောက်မှာ တောင်ကိုရီးယားဘက်က ခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
Source-Reuters