ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့နဲ့ ငရုတ်ကောင်းမြို့တွေက ပင်လယ်ကမ်းစပ်နေရာတွေမှာ PDF တွေနဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စက်တင်ဘာ ၉ ရက်က စတင်ပြီး စစ်ကောင်စီတပ်က ဟိုင်းကြီးကျွန်းမြို့နယ်နဲ့ ငရုတ်ကောင်းမြို့က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တောစပ်တွေ၊ ပင်လယ်ကမ်းစပ် ကျေးရွာတွေမှာ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ဒေသခံတွေ ထွက်ပြေးနေရတာလို့ သိရပါတယ်။
ငရုတ်ကောင်းဒေသခံ တယောက်က “မနက်စောစောလောက် တကြိမ်၊ နေ့လယ်ဘက် တကြိမ်၊ ညနေဘက် တကြိမ်၊ တရက် ၃ ကြိမ်လောက်အထိကို စစ်ကြောင်းထိုးနေတာ။ စစ်ကောင်စီတပ်က သက်သက် တဖက်သတ် စစ်ကြောင်းထိုးနေတာ။ အင်အားက မနည်းဘူး။ တော်ကြာ စစ်ကားတွေနဲ့ ရွာစပ်ကို စစ်သားတွေကို လာတိုးချလိုက်၊ နောက် ပြန်ခေါ်သွားလိုက်နဲ့ လုပ်နေတာပဲ။ သတင်းအမှားတွေရပြီး လျှောက်လုပ်နေတာလို့ ထင်တာပဲ။ ဒီလိုအခြေအနေကြောင့် တိုက်ပွဲအတွေ့အကြုံကို မခံစားဘူးတဲ့ အမတို့ ဒေသခံတွေက ကြောက်နေတာ။ သူတို့ စစ်ကား ထွက်သွားမှ ကိုယ့်အိမ် ကိုယ်ပြန်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ခန့်မှန်းအင်အား ၅၀၊ ၆၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် ရခိုင်ပြည်နယ်နဲ့ ရေလမ်း ကုန်းလမ်း ထိစပ်နေတဲ့ သစ်တောတွေထဲကို မကြာခဏ လက်နက်ကြီး တွေနဲ့ ရမ်းသန်းပစ်ခတ်နေတာ ကြားနေတာကြောင့် နေ့စဉ်အလုပ်တွေပါ ကောင်းကောင်း မလုပ်ကြရဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဟိုင်းကြီးကျွန်းဒေသခံ အမျိုးသမီးတယောက်က “ဘယ်သူ့မှ မရှိဘဲကို ပစ်ခတ်နေတာ။ သူတို့ ရမ်းသန်း လျှောက်ပစ်နေတဲ့ နေရာတွေက အမတို့ ဒေသခံတွေ အများစု ထင်းခွေ၊ သားငါးရှာစားတဲ့ နေရာတွေပါ။ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ဘယ်သူက သွားရဲမလဲ။ ဒီလိုသာ လုပ်နေရင် ဘယ်လွယ်မလဲ။ တိုက်ပွဲမဖြစ်တဲ့ ဧရာဝတီတိုင်းကို တိုက်ပွဲဖြစ်အောင် စစ်ကောင်စီတပ်က လုပ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အခုလို မကြာခဏ စစ်ကြောင်းထိုးနေတာဟာ ရခိုင်ပြည်နယ်က AA တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ် PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်နေတယ်လို့ သတင်းအရ လုပ်နေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ငရုတ်ကောင်း ဂေါ်ရင်ဂျီကမ်းခြေ ပတ်လမ်းအနီးမှာလည်း စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။