ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ ငါးခြောက်ထွက်ဝယ်တဲ့ ရခိုင်စစ်ဘေးရှောင်သားအဖ ၂ ယောက်ကို သြဂုတ် ၂၃ ရက်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီး ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူ ၂ ယောက်ဟာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှ စစ်ဘေးရှောင်လာပြီး ငပုတောမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၀ အရွယ် မောင်ရန်လင်းနဲ့ ဖခင် ဖြစ်သူ အသက် ၅၀ အရွယ် ဦးအောင်၀င်းရွှေတို့ဖြစ် ပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက "ဟိုင်းကြီးကျွန်းအဝင် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာ။ သူတို့က စစ်ဘေးရှောင်ရင် အရောင်းအ၀ယ်လေးလုပ်မလို့ ငါးခြောက်သွား၀ယ်ရင်းနဲ့ ဂိတ်မှာ ရခိုင်မှတ်ပုံတင်တွေ့တာနဲ့ AA တပ်ဖွဲ့ဝင်ဆိုပြီးဖမ်းတာလို့ သိရတယ်။ သူတို့ ဒီနေ့အထိ ဖမ်းထားတုန်း”လို့ ပြောပါတယ်။
ဟိုင်းကြီးကျွန်း ပမ္မဝတီရေတပ်ထဲ ခေါ်ဆောင်သွားတယ်လို့လည်း တပ်နဲ့ နီးစပ်သူက ပြောပြီး ဧရာ၀တီတိုင်းထဲက ဟိုင်းကြီးကျွန်းအပါအဝင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေဝင်ရောက်နေတယ်လို့ဆိုပြီး စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။