စစ်ဘေးဒဏ် ခံနေရတဲ့ ဂါဇာကမ်းမြောင်မှာ အခုချိန်ထိ ကလေး ၅၃၀,၀၀၀ လောက်ကို ပိုလီယိုရောဂါ ကာကွယ်ဆေးထိုးနှံထားကြောင်း ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ လုပ်ငန်းများအေဂျင်စီ (UNRWA) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
လက်ရှိအချိန်မှာ ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုတွေကို ဆက်လုပ်ဆောင်နေပါတယ်။
ပိုလီယို ကာကွယ်ဆေးထိုး လှုပ်ရှားမှုအတွက် မော်တော်ယာဉ်တွေပါဝင်တဲ့ ယာဉ်တန်းကို အစ္စရေးစစ်တပ်က တားဆီးခဲ့ပေမဲ့ ဂါဇာမြောက်ပိုင်းမှာ ပိုလီယို ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုကို အင်္ဂါနေ့မှာ စတင်ခဲ့ပြီး ကြာသပတေးနေ့အထိ လုပ်ဆောင်မှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
ပိုလီယို ကာကွယ်ဆေး ထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဂါဇာမြောက်ပိုင်းကို အင်္ဂါနေ့မှာ ရောက်ရှိလာခဲ့ကြကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောကြားပါတယ်။
ဒီလှုပ်ရှားမှုဟာ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို လူသားချင်းစာနာထောက်ထားမှုအရ ၃ ရက်ကြာ ရပ်နားထားချိန်အတွင်း ကလေးပေါင်း ၁ သိန်းခွဲကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ စီစဉ်ထားတာပါ။
ဂါဇာမြောက်ပိုင်းမှာ ကာကွယ်ဆေးထိုးနှံခြင်း တတိယအဆင့်ဟာ အသွားအလာ ကန့်သတ်မှုတွေ၊ ကာကွယ်ဆေးထိုးစင်တာတွေ ရှိတဲ့နေရာတွေအတွက် ရွှေ့ပြောင်းမိန့်အသစ်တွေနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေနဲ့ အလွန်ကို ရှုပ်ထွေးတယ် လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ အစုလိုက် ပိုလီယို ကာကွယ်ဆေး ထိုးနှံပွဲ တနင်္လာနေ့က ပြီးဆုံးခဲ့ပြီး ကမ်ပိန်း စတင်တဲ့ စက်တင်ဘာ ၁ ရက်ကတည်းက ကလေးပေါင်း ၄၄၆,၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးပေးခဲ့ပြီးကြောင်း WHO မှ သိရပါတယ်။
ပိုလီယိုရောဂါ ကာကွယ်ဆေးကို မွေးကင်းစမှ အသက် ၁၀ နှစ်အထိ ကလေးတွေအတွက် ရည်ရွယ်ပြီး ဂါဇာရှိ ကလေးပေါင်း ၆၄၀,၀၀၀ ရောက်ရှိဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source-Reuters