တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာမှာ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက ရွာထဲကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
သေဆုံးသူတွေက အသက် ၁၈ နှစ်အရွယ် မဖြူဇာအေးနဲ့ အသက် ၂၀ အရွယ် ကိုနေနိုင်သူတို့ အပါအဝင် အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်နဲ့ အသက် ၆၀ အရွယ် ဒေါ်စန်းသီတို့ ဖြစ်ကြပြီး စစ်ကြောင်းဟာ ရွာဘက်ထိုးဝင်လာရင်း အတူပါလာတဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့ရာမှာ ထိခိုက် သေဆုံးကြတာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံအမျိုးသားတယောက်က “ရွာသားတွေ ထွက်ပြေးဖို့ဆိုပြီး ကားစောင့်နေကြချိန်မှာပဲ စစ်တပ် ဒရုန်းတစင်းနဲ့ ဗုံးသီးလာချသွားတာပါ။ တော်တော်များများ ဒဏ်ရာရကြတယ်။ အဲဒီမှာ တယောက် ကတော့ သေသွားတယ်။ အိမ်ထဲမှာရှိနေတုန်း ဗုံးသီးလာကျပြီး သေတာလည်း ရှိတယ်။ စစ်ကြောင်းနဲ့ပါလာတဲ့ ဒရုန်းတွေပါ” လို့ ပြောပါတယ်။
သေဆုံးသူတွေထဲက အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်ရဲ့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီ တပ်သားတွေ ကျေးရွာထဲမှာ ရှိနေတာကြောင့် ပြန်မရသေးဘဲ မဖြူဇာအေးနဲ့ ဒေါ်စန်းသီတို့ ရုပ်အလောင်းကိုတော့ သဘော့လိပ်ရွာဘက်မှာ မြေမြှုပ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၂၀ အရွယ်ရှိပြီးဖြစ်သူ ကိုနေနိုင်သူကတော့ ဗုံးသီးထိမှန်ဒဏ်ရာကြောင့် ခြေထောက် နှစ်ဖက်စလုံး ပြတ်တောက်သွားပြီး အဆိုပါပြင်းထန်ဒဏ်ရာကြောင့်ပဲ ဆေးကုဖို့သွားတဲ့ လမ်းတဝက်မှာတင် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၂၀၀ ကျော်နဲ့ ဘန်လောရွာဘက်ကနေ ဆင်းလာတာ ဖြစ်တယ်လို့ သိရပြီး စစ်ကြောင်းဝင်လာတဲ့ရက် မနက်ပိုင်းတည်းက ကျွဲထိန်းကုန်းရွာသားတွေ နေရပ်စွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။
ဒေသခံတယောက်က “မနေ့ကတည်းက ရွာသားတွေ ထွက်ပြေးကြရတာပေါ့။ အခု ရွာထဲကို စကစတွေ ရောက်နေကြပြီ” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းဟာ ရွာထဲကိုရောက်နေပြီး စစ်ရေးတင်းမာနေကြကာ ဒရုန်းနဲ့ တိုက်ခိုက်မှု တွေကြောင့် တခြားထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူတွေ အများကြီး ရှိနေသေးတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒီမတိုင်ခင် ရက်ပိုင်းလောက်မှာတုန်းက ဘန်လောနဲ့ ဘန်လင်ရွာတွေမှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးသီးတွေ ဆက်တိုက်ကြဲချခဲ့တာကြောင့် နေအိမ်တွေပေါ် ဗုံးသီးကျရောက် ပေါက်ကွဲကာ ပြည်သူ ၄ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။