Home
ရုပ်သံ
မြန်မာ-ထိုင်း ကုန်သွယ်ရေးလမ်းကြောင်း မိုးများပြီးမြေပြို၊ နှစ်နိုင်ငံ ကုန်စည်ဝင်ရောက်မှုနည်းပါး
DVB
·
September 12, 2024

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာ၊ လမ်းပိုင်းမြေပြိုပြီး လမ်းပန်ဆက်သွယ်ရေးခက်ခဲတာကြောင့် နှစ်နိုင်ငံ ကုန်စည်ဝင်ရောက်မှု နည်းနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် လမ်းပိတ်တာ၊ မိုးကာလ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေနဲ့ ကုန်သည်တွေ ရင်ဆိုင်နေရပါတယ်။ 

မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာကြောင့် ကော့ကရိတ်-မြဝတီ (အောက် ဗိုလ်တဲ) လမ်းဟောင်းကိ ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပေမဲ့ မိုးအဆက်မပြတ်ရွာသွန်းပြီး လမ်းရေတိုက်စားတာ၊ မြေပြိုတာကြောင့် ကုန်စည်တင်ယာဉ်တွေဟာ အခက်ခဲဖြစ်နေပါတယ်။  ဒါကြောင့် စက်တင်ဘာ ၉ ရက်နေ့ကစပြီး နှစ်နိုင်ငံကုန်စည်ဝင်ရောက်မှုတွေ နည်းနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တယောက်က “ဒီရက်ပိုင်းက တောင်လမ်းပြိုတာတို့ ရှိတော့ မြဝတီဘက်ကို ကုန်တွေ သိပ်မတက်လာဘူး။ အဆင်းကျတော့လည်း အဆင်းကုန်တွေ လမ်းပျက်တာတွေရှိတယ်။ မိုးတွေကလည်းများပြီး လမ်းတွေရေဖြတ်တယ်၊ စက်တင်ဘာလ ၉ ရက်နေ့တည်းက။ ကုန်သည်တွေဘက်က မိုးကုန်တာကို စောင့်နေရတယ်။ မိုးနည်းမှ သွားလာလို့ရမယ်။ ထိုင်းကုန်တွေက အဝင်နည်းလာတယ်။ ဘာဖြစ်လို့ဆို အောက်ဘက်ကို ဆင်းဖို့ မလွယ်သေးတော့ အဝင်နည်းတယ်” လို့ ပြောပါတယ်။

ရန်ကုန်- ဘားအံ လမ်းပိုင်းကတော့ မိုးအဆက်မပြတ်ရွာသွန်းနေပေမဲ့ ရေကျော်တာ၊ လမ်းပျက်စီး တာမရှိတဲ့ အတွက် ခရီးသွားလာမှုတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ ပုံမှန်အတိုင်းရှိနေတယ်လို့ ဘားအံမြို့ အဝေးပြေးယာဉ်လိုင်းတာဝန်ရှိသူက ပြောပါတယ်။

မြဝတီမြို့မှာ ကုန်စည်ဝင်ရောက်မှုနည်းတာကြောင့် ထူး ၇ လုံး ၆ ပြည်တအိတ်ကို ကျပ် ၁ သိန်းနီးပါး၊ ဆန်ကြမ်း ၂၄ ပြည်တအိတ်ကို ကျပ် ၂ သိန်းခွဲ၊ ကြက်ဥတလုံး  ၈၀၀ ကျပ်၊ ဘဲဥတလုံး ၁၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တပိဿာ ကျပ် ၂ သောင်းကျော်၊ ကြက်သွန်နီ ကျပ် ၇၀၀၀ ကျော်အထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။

လမ်းမြေပြိုပြီး ယာဉ်ကြောပိတ်ဆို့နေတာကြောင့်  ယာဉ်ငယ်တွေကို ဦးစားပေးဖြတ်သန်းခိုင်းကာ  ကုန်စည်တင်ယာဉ်တွေ စောင့်ဆိုင်းနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

ယာဉ်မောင်းတယောက်က “လမ်းကြောင်းအခြေအနေက တောင်ပြိုတာတို့၊ မြေပြိုတာတို့ရှိတယ်။ ကားများတော့ သူအလှည့်နဲ့သူ ပေးလွှတ်တယ်။ ကုန်ကားကြီးတွေကျတော့ စောင့်ရတယ်၊  ကားလေးကို ဦးစားပေးတယ်။ အခက်အခဲက တရက်တက် တရက်ဆင်းတော့ ဟုတ်တယ်။ အဆင်းကျတော့ တခါတလေ လမ်းမှာ ညအိပ်ရတယ်၊ ကားများလို့။  ကားတွေက တရက်တည်းနဲ့ မကုန်ဘူး။  တညနှစ်ည စောင့်ပြီး အိပ်ရတယ်။  ခရီးသွားလာသူကတော့ နည်းတယ်” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကနေ ကုန်သွယ်မှုပြုလုပ်ရာမှာ ပို့ကုန်အနေနဲ့ မြန်မာနိုင်ငံကနေ ကွမ်းသီး၊ ငရုပ်၊ ကြက်သွန်၊ ကလော်ပီနံတွေတင်ပို့ပြီး ထိုင်းနိုင်ငံကနေ အလှကုန်၊ စားသောက်ကုန်နဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို တင်သွင်းနေတာပါ။ 

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီကနေ ဇွန်အထိ မြဝတီနယ်စပ်ကနေ ပို့ကုန်ဒေါ်လာ  ၃၀ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၃၃ သန်း ကျော်ရရှိထားပါတယ်။ 

ဒါအပြင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြဝတီကုန်သွယ်‌ရေးဇုန်ကနေ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်၊ သွင်းကုန်ရငွေ သန်း ၇၀၀ နီးပါးရရှိထားပြီး  ကုန်သွယ်မှုပမဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ နီးပါး လျာထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013