စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်းမှာ ပြီးခဲတဲ့ အောက်တိုဘာ ၁၂ ရက်နဲ့ ၁၃ ရက် နေ့တွေက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လမ်းပိုင်းပျက်စီးသွားလို့ သွားလာရေးခက်ခဲမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါလမ်းကို ဒေသခံပြည်သူ ၂၀,၀၀၀ ကျော် အသုံးပြု သွားနေတဲ့ လမ်းပိုင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကျွန်းလှအနောက်ခြမ်းက ပြည်သူတဦးက “မြို့နယ်ပအဖ အဖွဲ့အစည်းကိုတော့ တင်ပြထားတယ်။ အခုထိတော့ ပြင်ဆင်ပေးတာ မရှိသေးဘူး။ လမ်းပိုင်းကို အမြန်ဆုံး ပြင်ပေးစေချင်တာက ကျနော်တို့ ကျွန်းလှအနောက်ခြမ်းက ပြည်သူတွေက ဒီလမ်းကိုပဲ အားပြုနေရလို့ပါ။ ကျန်းမာရေးနဲ့ စားသောက်ရေးလည်း ဒီလမ်းကို အသုံးပြုနေရတာမို့ပါဗျ။ နောက်ပြီး စစ်ကြောင်းထိုးလာပြီ ဆိုရင်လည်း အခုလို လမ်းပိုင်းပျက်စီးနေတော့ အဘိုး အဘွားတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် သွားရေးလာရေး အတော်လေး ဒုက္ခရောက်တယ်။ ပျူရွာတွေနဲ့လည်း နီးနေတော့ လမ်းကောင်းမှကို ဖြစ်မှာမို့ပါ” လို့ ပြောပါတယ်။
ကျွန်းလှမြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက် ညနဲ့ အောက်တိုဘာ ၁၃ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို မူးမြစ်ရေ ကြီးမြင့်မှုတွေလည်း ရှိခဲ့ပြီး လမ်းပိုင်းတွေ ပျက်စီးခဲ့ရသလို လယ်ယာသီးနှံ အများအပြား ရေဝင်ပျက်စီးတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။