ကမ္ဘာ့ဖလားအိမ်ရှင် အမေရိကန်အတွက် ထူးခြားတဲ့ အောင်မြင်မှုရယူဖို့ နည်းပြသစ် ပိုချက်တီနိုက မျှော်မှန်းနေပါတယ်။
အာဂျင်တီးနားလူမျိုး နည်းပြဟာ ၂၀၂၆ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်နိုင်ငံ အမေရိကန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တာပါ။
အမေရိကန်အသင်းဟာ ကိုပါအမေရိကဖလားမှာ အခြေမလှဖြစ်ခဲ့ရပြီးနောက် နည်းပြ ဘာဟယ်တာကို ထုတ်ပယ်ပြီး ကလပ်အသင်းတွေမှာ တာဝန်ယူခဲ့ဖူးသူ ပိုချက်တီနိုနဲ့ အစားထိုး ခန့်အပ်ခဲ့တာပါ။
အမေရိကန်အသင်းမှာ ထူးချွန်တဲ့ကစားသမားတွေ အများကြီးရှိပြီး သမိုင်းဝင်အောင်မြင်မှု တခုခု ရယူနိုင်ဖို့အတွက် စွမ်းအင်တွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ဆာလောင်မှုတွေရှိနေတဲ့အသင်း ဖြစ်တယ်လို့ ပိုချက်တီနိုက ပြောပါတယ်။
ကစားသမားတွေလို စိတ်အားထက်သန်မှုပြင်းပြတဲ့ ပရိသတ်တွေရဲ့ရှေ့မှောက်မှာ အမေရိကန်အသင်းကို တာဝန်ယူသွားရမှာက လက်လွှတ်မခံနိုင်တဲ့ အခွင့်အရေးဖြစ်ကြောင်းလည်း နည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။