Home
မြန်မာသတင်း
လွိုင်လင်နှင့် မိုင်းပွန်ကြား ရေကြီးမြေပြိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေ
DVB
·
September 11, 2024
Photo Crd-ဒေသခံ အမျိုးသား တစ်ဦး၊ ယာဉ်မောင်းများ
Photo Crd-ဒေသခံ အမျိုးသား တစ်ဦး၊ ယာဉ်မောင်းများ
Photo Crd-ဒေသခံ အမျိုးသား တစ်ဦး၊ ယာဉ်မောင်းများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်နဲ့ မိုင်းပွန်ကြားမှာ စက်တင်ဘာ ၁၀ ရက်က ရေကြီး မြေပြိုလို့ လမ်းပိတ်နေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၀ ရက် မနက်အစောပိုင်းကတည်းက မိုးသည်းသည်းထန်ထန်ရွာလို့ လွိုင်လင်-မိုင်းပွန် ပြည်ထောင်စုလမ်းပိုင်းရှိ မိုင်တိုင် ၁၆၅/၅ အနီးမှာ တောင်ပြိုတာကြောင့် မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်ကစပြီး လမ်းပိတ်ဆို့သွားဖြစ်ပါတယ်။ 

"လွိုင်လင်နဲ့ မိုင်းပွန်ကြား ကားသွား မရသေးဘူး။ မိုင်းပွန်မြို့ အဝင်မှာလည်း ရေကြီးနေတယ်" လို့ မိုင်းပွန် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်းကနေ မြောက်ပိုင်းသွားတဲ့ လမ်းဖြစ်တဲ့ ကလောမြို့၊ မိုင်းကိုင်မြို့ တချို့နေရာတွေမှာ ရေလျှံနေပြီး ရပ်စောက်မြို့မှာလည်း စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက ဇော်ဂျီမြစ် ရေလျှံနေလို့ ခရီးသွား ကားတွေ အထူး သတိပြုရမယ် အခြေအနေဖြစ်နေတယ်လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။ 

“မနေ့ (စက်တင်ဘာလ ၁၀ ရက်နေ့) ညနေ ၃ နာရီလောက် လမ်းပြန်ပွင့်ပေမဲ့ နောက်တနေရာ မိုင်တိုင်မှာ ထပ်ပိတ်နေတယ်။ မနေ့က မနက်ပိုင်း ရှင်းပြီးသား နေရာမှာလည်း ထပ်ပြိုကျတာပါ။ ကားကလည်းကျပ်တယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်းသွားတဲ့ လမ်းပိုင်း‌တွေ အားလုံးနီးပါး မိုးအဆက်မပြတ် ရွာနေတာကြောင့် ရေကြီးရေလျှံနေပြီး တောင်ကြီး-လွိုင်လင်လမ်း၊ တောင်ကြီး-မိတ္ထီလာလမ်း၊ တောင်ကြီး -ရပ်စောက်-ကျောက်ဂူလမ်း၊ ကျောက်ဂူ-နမ့်လန်လမ်း၊ တောင်ကြီး-မိုင်းခေး-မိုင်းရယ် -ဆောင်ကျဲလမ်းတွေလည်း မကောင်းဘူးလို့ ယာဉ်မောင်းတွေက ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013