ကင်ဆာကာကွယ်တဲ့အနေနဲ့ ဓာတ်ကင်ကုသမှု ပြီးစီးသွားပြီလို့ ဗြိတိန် ဝေလမင်းသမီး ကိတ်က ကြေညာခဲ့ပါတယ်။
ဒီကုသမှုဟာ သူ့ကို အမြင်သစ်တွေ ဖြစ်ခဲ့ပြီး ရိုးရိုးရှင်းရှင်း ချစ်ခင်ရတာနဲ့ အချစ်ခံရတာအတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
အိမ်ရှေ့မင်းသား ဝီလျံရဲ့ ကြင်ယာတော် အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး ကိတ်ဟာ ဇန်နဝါရီလတုန်းက ဝမ်းဗိုက်ပိုင်း အကြီးစားခွဲစိတ်မှု ပြုလုပ်တဲ့အချိန်မှာ ကင်ဆာရှိတယ်လို့ တွေ့ရှိခဲ့လို့ ကုသမှုခံယူနေရတာ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံနဲ့ ရင်သွေး ၃ ယောက်ပါဝင်တဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ပေးခဲ့ပြီး အခုနှစ်ကုန်မှာ အများပြည်သူနဲ့ဆိုင်တဲ့ တော်ဝင်လူမှုရေးကိစ္စတွေမှာ ပြန်လည်ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။ အပြည့်အဝ ပြန်သက်သာလာဖို့ကို အချိန်ယူရဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကင်ဆာအမျိုးအစားနဲ့ ကုသမှု အသေးစိတ်ကိုတော့ မင်းသမီးရဲ့ ရုံးလည်းဖြစ်တဲ့ ကန်ဆင်တန် နန်းတော်က အသေးစိတ် ထုတ်ပြန်မပေးခဲ့ဘဲ ဖေဖော်ဝါရီမှာ ကာကွယ်တဲ့ ဓာတ်ကင်ကုထုံး စတင်လုပ်ဆောင်တယ်လို့ပဲ ထုတ်ပြန်ထားပါတယ်။
မင်းသမီးဟာ ဒီနှစ် ဇွန်လထဲမှာ ချားစ်ဘုရင်မွေးနေ့ အထိမ်းအမှတ် စစ်ရေးပြပွဲကို တက်ရောက်တာနဲ့ ဝင်ဘယ်ဒန်တင်းနစ်ပွဲ တက်ရောက်တာ နှစ်ကြိမ်ပဲ လူမြင်ကွင်း ထွက်ခဲ့ပါတယ်။
ထုတ်ပြန်ပေးတဲ့ ဗီဒီယိုမှာ ကိတ်တို့မိသားစု ကြည်ကြည်နူးနူး ပျော်မြူးနေကြပုံတွေ ပါရှိပြီး ဒီဗီဒီယိုကို ပြီးခဲ့တဲ့လက ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
သက်တော် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ချားစ်ဘုရင်လည်း ကင်ဆာကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။
Source-Reuters