ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာရှိတဲ့ ကျားဖြန့်လို့ ခေါ်တဲ့ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ မြဝတီမြို့ထဲ အပါအဝင် ကျောက်ခက်၊ DKBA ထိန်းချုပ်နယ်မြေနဲ့ ရွှေတြိဂံဒေသ၊ လာအို၊ ကမ္ဘောဒီးယားနယ်စပ်တို့မှာပါ ပြောင်းရွှေ့လုပ်ကိုင်နေကြတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်ကနေ ကျားဖြန့် အွန်လိုင်း ငွေလိမ်စင်တာတွေကို ၂၀၂၄ အောက်တိုဘာလအတွင်း နောက်ဆုံးထား ထွက်ခွာသွားဖို့ နယ်ခြားစောင့်တပ် BGFက မေလအတွင်း ထုတ်ပြန် သတိပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ရွှေကုက္ကိုလ်ဘက်မှာ လက်ရှိအချိန်ထိ တရုတ် အွန်လိုင်းငွေလိမ်စင်တာတွေ လည်ပတ် လုပ်ကိုင်နေဆဲပဲလို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းကလည်း ရွှေကုက္ကိုလ် ရထိုက်ရုံးနဲ့ လုပ်ငန်းတွေကို အပြီးတိုင် ဖျက်သိမ်းပြီး ဝန်ထမ်းအားလုံး စက်တင်ဘာ ၂၀ ရက်မှာ အပြီးတိုင် ရွှေ့ပြောင်းကြဖို့ ထုတ်ပြန်စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီထုတ်ပြန်စာဟာ အတုဖြစ်ကြောင်း ဒီဗွီဘီက ရထိုက် ကုမ္ပဏီဘက်ကို တယ်လီဂရမ်ကတဆင့် ဆက်သွယ် မေးမြန်းရာမှာ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ကူညီပေးသူတွေရဲ့ ပြောပြချက်အရ ရထိုက် ကုမ္ပဏီကလည်း ဆက်လက် လုပ်ကိုင်တည်ရှိနေပြီး၊ ရွှေကုက္ကိုလ်က Online Scamming ကုမ္ပဏီကြီးတွေဟာ လာအိုနဲ့ ကမ္ဘောဒီးယားနယ်စပ်တွေအပြင် မြန်မာပြည်တွင်းက အခြားနေရာတွေကို တဖြည်းဖြည်း အလုံးအရင်းနဲ့ ပြောင်းရွှေ့နေတယ်လို့ ဆိုပါတယ်။
တယ်လီဂရမ်နဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာလည်း ရွှေကုက္ကိုလ် ကျားဖြန့် အလုပ်ခေါ်စာတွေ ဆက်တိုက် ခေါ်ယူနေတာတွေ ရှိပြီး ပြည်တွင်းကနေ Chatting နဲ့ Finding (လူရှာပေးတဲ့ အလုပ်) လုပ်ကိုင်မယ်ဆိုရင် မြဝတီမြို့ထဲနဲ့ ကျောက်ခက်ဘက်တွေမှာ အလုပ်ရနိုင်ကြောင်း အလုပ်ရှာဖွေသူတွေကို ပြန်လည် ဖြေကြားပါတယ်။
ထိုင်း-မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေသူက “ဒီကျားဖြန့်ကိစ္စတွေ၊ ကုမ္ပဏီ ကိစ္စတွေက တကယ်တမ်းတော့ ပျောက်သွားမှာ မဟုတ်သလို ကျားဖြန့်တွေက ဆက်ပြီး လုပ်နေဦးမှာပဲ။ သူတို့ ဒီကနေ ကမ္ဘောဒီးယား သွားမယ်၊ လာအို သွားမယ်။ ပြီးရင် ဒီကနေ မြန်မာပြည် ပြန်လာမယ်။ ပြီးရင် တခြား Remote လုပ်လို့ရတဲ့ နေရာတွေမှာလည်း ဒီ Online Scam အလုပ်တွေကို ပြန်လုပ်နေတာကို ကျနော်တို့ ကြားသိရတယ်။ တခြား အခြေအနေတွေကတော့ ရွှေကုက္ကိုလ်ကနေ ကျောက်ခတ်ဘက်ကို တကယ့် Scammer အကြီးကြီးတွေ ပြောင်းလာတာတွေ ရှိတယ်။ ဒီဘက်က DKBA ထိန်းချုပ်နယ်မြေတွေမှာ လာတာ ရှိတယ်။ တဆက်တည်းမှာပဲ ဒီ အလုပ်ခေါ်တာတွေ တောက်လျှောက် ခေါ်နေတာ ရှိတယ်။ နောက်ဆုံးဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး ခေါ်တာရှိတယ်။ အိန္ဒိယနိုင်ငံသားတွေကို လိမ်ညာပြီး ခေါ်လာတာ ရှိတယ်။ ဆိုတော့ ဒါတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်ကနေ Scammer တွေ ခွဲထွက်သွားမှာ မမြင်ရဘူး"လို့ ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ဖေဖော်ဝါရီလမှာ ပြန်အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့်လည်း နယ်စပ်ဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ လူငယ်တွေဟာ အထောက်အထား မရှိတာ၊ အလုပ်အကိုင် မရှိတာတွေကြောင့်လည်း ကျားဖြန့်လုပ်ငန်းခွင်တွေထဲ ရောက်ရှိလာကြတယ်လို့ အဲဒီလုပ်ငန်းမှာ လုပ်ကိုင်သူတွေဆီက သိရပါတယ်။
ဩဂုတ်လအတွင်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူး ရောင်းစားခံရတဲ့ အိန္ဒိယနိုင်ငံသား အယောက် ၂၀ ကျော် လွတ်မြောက်လာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်း အချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေကြောင်း သိရပါတယ်။
အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar က ထုတ်ပြန်ထားပါတယ်။
ဇွဲသစ်