ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းတခုမှာ ပိတ်မိနေတဲ့ အိန္ဒိယ နိုင်ငံသား ၂၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ နိုင်ငံသားတွေဟာ Dongmei အမည်ရတဲ့ ငွေလိမ်လုပ်ငန်းမှာ ပိတ်မိနေခဲ့တာ ဖြစ်ပြီး တခြား ၆ ဦးကို သြဂုတ် ၂၀ ရက်နဲ့ သြဂုတ် ၁၂ ရက်မှာ နောက်ထပ် ၁ ဦး လွတ်မြောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် အခုနှစ် ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ကာ အိန္ဒိယနိုင်ငံသား ၅၇ ဦးဟာ မြဝတီက အဆိုပါ ကျားဖြန့်လုပ်ငန်းလုပ်တဲ့ ခြံဝင်းထဲကနေ ဘေးကင်းစွာ ထွက်ခွာခဲ့ကြပြီးဖြစ်တယ်လို့ ဆိုပါ တယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်တုန်းကလည်း မြဝတီမြို့ ကျောက်ခက် (ဖလူး)က အွန်လိုင်းငွေ လိမ်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၃ ဦးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ကျန်ရှိတဲ့ အမှုတွေကိုလည်း တက်ကြွစွာ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။
အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ ကျားဖြန့်လူဖမ်းပွဲတွေ အပြိုင်အဆိုင် လုပ်နေကြပေမဲ့ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတွေကို ဘယ်လိုဘယ်ပုံ ဖမ်းဆီးအရေးယူနေသလဲဆိုတာ အခုထိ မသိကိန်းအနေနဲ့ ရှိနေဆဲဖြစ်တယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ကြေညာထားပါတယ်။