ဥရုဂွေးလက်ရွေးစင်အသင်းကနေ အနားယူကြောင်း တိုက်စစ်မှူး ဆွာရက်ဇ်က ကြေညာသွားပါတယ်။
အသက် ၃၇ နှစ်ရှိ အင်တာမိုင်ယာမီ တိုက်စစ်မှူးဟာ စက်တင်ဘာ ၇ ရက်က ကစားခဲ့တဲ့ ပါရာဂွေးအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ ဥရုဂွေးအသင်းအတွက် စုစုပေါင်း ၁၄၃ ပွဲ ကစားခဲ့ပြီး ၆၉ ဂိုးသွင်းယူထားလို့ အသင်းသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် စံချိန်တင်ထားသူပါ။
အသင်းကနေ အနားယူမယ့်ကိစ္စကို သေချာစဉ်စားခဲ့ရပြီး လက်ရှိအချိန်က အကောင်းဆုံးအချိန် ဖြစ်တယ်လို့ ဆွာရက်ဇ်က ပြောပါတယ်။
ဥရုဂွေးအသင်းက ကစားသမားတိုင်းထက် ပိုကြီးမားပြီး မနက်ဖြန်ကနေစတင်ပြီး အသင်း ကစားသမားတယောက်အဖြစ်ကနေ ပရိသတ်တယောက် ဖြစ်လာမယ်လို့ ဆွာရက်ဇ်က ပြောသွားပါတယ်။