စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ စစ်ကောင်စီက လမ်းတွေပိတ်ဆို့ထားတာကြောင့် မြို့နယ်အတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်အတွင်းမှာ သြဂုတ် ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီက ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကို လုံးဝပိတ်ပင်ထားတာကြောင့် လက်ရှိမှာ ပြတ်လပ်လာနေပြီလို့ ဒေသခံ တယောက်က ပြောပါတယ်။
“အရင်ကတော့ ဆန်အပါအဝင် စားနပ်ရိက္ခာနဲ့ ဆေးဝါးတချို့ကို ဧရာဝတီဘက်က သယ်လို့ရတယ်။ အခု တိုက်ဖြစ်ကတည်းက လုံးဝသယ်လို့မရတော့ဘူး။ ဆေးဆိုရင်လည်း လုံးဝကို ဝယ်လို့မရတော့ဘူး။ စားနပ်ရိက္ခာလည်း ဒီအတိုင်းပဲ၊ ဆန်တွေဆိုရင် လိုသလောက် ဝယ်မရဘူး။ တချို့ စားနပ်ရိက္ခာတွေဆိုရင် ပြတ်တောက်သွားတာတောင် ရှိလာပြီ” လို့ပြောပါတယ်။
ဂွမြို့နယ်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူရေးလမ်းကြောင်းတွေကို အရင်ကတည်းက ဧရာဝတီတိုင်းဘက်ကို မှီခိုနေရတာဖြစ်ပြီး သြဂုတ် ၂၇ ရက်နေ့ကစလို့ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်မှာ စစ်ကောင်စီက လက်နက်ကြီး စမ်းသပ်ပစ်ခတ်မယ်ဆိုပြီး ဂွ-ငါးသိုင်းချောင်း လမ်းပိုင်းကို သွားလာခွင့် ကန့်သတ်ထားတယ်လို့ သိရပါတယ်။
ဂွမြို့နယ်အတွင်းမှာ စက်တင်ဘာ ၄ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနဲ့အဓိကထား ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက စက်တင်ဘာ ၄ မှာစပြီး ပြန်ဖြစ်နေကြတယ်။ ကိုင်းခုံ၊ ဆားချက်နဲ့ ဂန့်ဂေါ်ကျွန်းဆည်အနီးတွေမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန်ကို ဖြစ်နေကြတာ။ စစ်ကောင်စီကတော့ လေကြောင်းနဲ့ ရေကြောင်းပစ်ကူတွေနဲ့ အဓိက ခုခံနေတယ်” လို့ပြောပါတယ်။
သြဂုတ် ၁၃ ရက်နေ့မှာ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာ ဧရာဝတီတိုင်းဘက်က စစ်ကူအင်အားတွေကို စစ်ကောင်စီက ဂွမြို့နယ်အတွင်း ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ဂွမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ဒေသခံ ၂ သောင်းကျော်လောက် ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။