ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကိုပို့မယ့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်လှေပိုင်ရှင်ကို ဧရာဝတီတိုင်း၊ ချောင်းသာမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် ၁ ရပ်ကွက်။ မြင့်ငါးဒိုင်ဆိပ်ကမ်းမှာ သြဂုတ် ၂ ရက်၊ မနက် ၃ နာရီလောက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေပါတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ စက်လှေပိုင်ရှင်နဲ့ နီးစပ်သူတယောက်က “မြင့်ငါးဒိုင်ဆိပ်ကမ်းမှာ ပစ္စည်းတွေ တင်ဆောင်တဲ့အချိန် ဝင်ဖမ်းတာခံရတာ။ ဘယ်ပို့မှာလဲ တချက်ပဲမေးပြီး ဖမ်းသွားတာ။ စက်လှေပိုင်ရှင်ကိုပါ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာ။ ဘယ်ဖမ်းသွားလဲတော့မသိဘူး။ စစ်ရှောင်တွေ စုမှာထားတဲ့ပစ္စည်းတွေတဲ့” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ စက်လှေပိုင်ရှင်ဟာ ချောင်းသာမြို့၊ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အဲဒီ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်ပစ္စည်းတွေကို တရားမဝင်တဲ့ကုန်ပစ္စည်းလို့ စစ်ကောင်စီတပ်က အကြောင်းပြ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဲဒီပစ္စည်းတွေက ဂွမြို့နယ်မြို့ကို ပို့ပေးမဲ့ပစ္စည်းတွေ လို့ သိရတယ်။ ပီနံအိတ်နဲ့ ထည့်ထားတဲ့ စားသောက်ကုန် ၂၈ အိတ်၊ ဒီဇယ်ဆီ ၄ ပေပါ၊ ဟင်းချိုမှုန့် ၂၅ ကီလိုဂရမ်ပါတဲ့အိတ် ၇ အိတ်နဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့လည်းပါတယ်။ အဲဒါတွေ အကုန် ဖမ်းဆီးယူဆောင်သွားတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ဒုတိယပတ်က စတင်ပြီး ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ကိုပို့မယ့်ကုန်ပစ္စည်းတွေကို စစ်တပ်က သယ်ယူခွင့်မပေးဘဲ ပိတ်ထားပြီး ကုန်းလမ်းနဲ့ ရေလမ်းတွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက AA က စတင်တိုက်ခိုက်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး ရခိုင်ပြည်နယ်ထဲကို စားသောက်ကုန်နဲ့ တခြားကုန်ပစ္စည်းတွေတင်သွင်းတာ၊ လူတွေ သွားလာတာကို စစ်တပ်က ပိတ်ပင်ထားခဲ့တာပါ။