ဧရာဝတီတိုင်းထဲက ခရီးသွားဒေသတွေမှာ ခရီးသည်တွေဆီကနေ လုယက်ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေ နေ့စဉ်နီးပါး ဖြစ်ပွားလာတာကြောင့် ခရီးသွားတွေအတွက် မလုံခြုံတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်း အသင်းတွေဆီကနေ သိရပါတယ်။
“၁၁ ရက်ကနေ့ကဆို ဘိုကလေး ကံ့ကော်တထောင်စေတီကိုလာတဲ့ ဘုရားဖူးတွေ လမ်းမှာ ဖြတ်ပြီး ဓားပြတိုက်ခံရတာရှိတယ်။ လူတွေကိုလည်း ရိုက်နှက်သွားသေးတယ်။ အခုအခြေအနေမှာ ခရီးသွားတွေအတွက် သွားရလာရတာ အရင်လို လုံးဝမလုံခြုံဘူး။ တရားဥပဒေစိုးမိုးမှုလည်း အရမ်းအားနည်းနေတယ်။ ဒီလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်လာတာကြောင့် ရေရှည်မှာ ခရီးသွားတွေ မသွားရဲ မလာရဲ ဖြစ်လာပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်တယ်။ ပြီးခဲ့တဲ့ တလအတွင်းမှာဆို ပိုအဖြစ်များခဲ့ပါတယ်။”
အခုလို ခရီးသွားတွေကို ပစ်မှတ်ထား လုယက်၊ ဓားပြတိုက်လာတာဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်တွေ ရှားပါးလာပြီး ဆင်းရဲနွမ်းပါးသူတွေ များလာတာကြောင့်ဖြစ်ကာ အရင်က ခရီးသွားတွေ အခုလိုဖြစ်စဉ်တွေ ဖြစ်ပွားတာ သိပ်မရှိဘူးလို့ ခရီးသွားဒေသက လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“အရင်က အခုလိုဖြစ်စဉ်တွေ မရှိဘူး မဟုတ်ပါဘူး၊ ရှိတယ်။ ဒါပေမဲ့ အခုလို မကြာခဏတော့ မဖြစ်ဖူးဘူး။ အခုက မကြာခဏကို ဖြစ်နေတာ။ ဒီလို ဓားပြတိုက်၊ လုယက်တဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်လာတာက အာဏာသိမ်းတာနဲ့ ကိုဗစ်ဖြစ်ပွားတဲ့ ပြသနာတွေကြောင့်ပါ။ ဒီလို လုယက်သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေက ပုသိမ်ဘက်မှာက ပိုအဖြစ်များတယ်။ ရေရှည်မှာ ခရီးသွားလုပ်ငန်းတွေ ထိခိုက်လာမှာ။”
ခရီးသွားဒေသတွေမှာ လုယက်၊ ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေဟာ ပုသိမ်မြို့နယ်ထဲက ခရီးသွားဒေသတွေမှာ ၁၆ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ခရီးသွား လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
အဲဒီလို လုယက် ဓားပြတိုက်တာတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာပေမဲ့လည်း စစ်ကောင်စီတပ်က ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိတာမရှိဘဲ နိုင်ငံရေးသမားနဲ့ NLD ပါတီ ဝန်းရံထောက်ခံသူတွေကိုသာ လိုက်လံဖိနှိပ် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။