ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဂွမြို့နယ်ရဲ့ လမ်းတိုင်း၊ ရပ်ကွက်ကျေးရွာတိုင်းတွေမှာ လူအင်အား အပြည့်ချထားပြီး ရေတပ်နဲ့ တပ်စခန်းတွေကို လက်နက်နဲ့ လူအင်အားတွေ ဆက်တိုက်ပို့နေတာတွေ ရှိနေတယ်လို့ ဂွဒေသခံတဦးက ပြောပါတယ်။
“လမ်းတိုင်း ရပ်ကွက်တိုင်းမှာ လုံခြုံရေးချထားတယ်။ ဂိတ်တွေချပြီးလည်း စစ်ဆေးတယ်။ နေဗီနဲ့ တပ်ရင်းတွေကိုလည်း လက်နက်တွေပို့တာ ရှိလာတယ်။ လူအင်အားပို့ရင် ဆယ်ဘီးကားကြီးတွေနဲ့ အပြည့်ပါတာ တွေ့ရတယ်။”
ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က လူအင်အားတိုးချဲ့ချလာတဲ့ တပ်သားတွေဟာ စစ်မှုထမ်းခေါ်ယူခံရတဲ့ ပြည်သူ့စစ်တွေ ဖြစ်တယ်လို့လည်း ဂွဒေသခံက ပြောပါတယ်။
“အခု လုံခြုံရေးချထားတာ၊ အင်အားဖြည့်တာတွေက ပြည်သူ့စစ်တွေပါ။ အကုန် ငယ်ငယ်လေးတွေချည်းပဲ။ ထွက်ပြေးတဲ့သူတွေလည်း ရှိကြတယ်။ သူတို့ကို စစ်ကောင်စီက စောင့်ကြည့်ရေးတာဝန်တွေလည်း ပေးထားတယ်နဲ့တူတယ်။ ပင်လယ်ထဲ ငါးဖမ်းထွက်မိတဲ့ လှေတွေဆိုရင်လည်း ပြည်သူ့စစ်တွေကပဲ သေနတ်ပစ်ပြီး ဖမ်းကြတာတွေ ရှိတယ်။”
လက်ရှိ ဂွမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားဖြည့်ထားတဲ့ ပြည်သူ့စစ်အရေအတွက် ထောင်ကျော်ရှိနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တခုဖြစ်တဲ့ ဂွမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် စစ်ရေးတင်းမာမှု ရှိလာပြီး AA မဝင်ရောက်နိုင်ရေးအတွက် ဂွမြို့နယ်က အဓိကဆက်သွယ်ရေးတံတားတွေကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။
ဂွမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားတွေဖြည့်နေတာအပြင် ဒေသနေသူတွေကို စစ်ဆေးရေး တင်းကျပ်တာ၊ ဒေသတွင်း ကုန်စည်လမ်းကြောင်းတွေအား ပိတ်ပင်တာတွေကိုလည်း တခြားမြို့နယ်တွေနည်းတူ လုပ်ဆောင်ထားပါတယ်။