ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေက စစ်ကောင်စီတပ်က ရဟတ်ယာဉ်ကို ပခုံးထမ်းလောင်ချာနဲ့ ပစ်ချတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်တွေမှာ ဒီကနေ့ ပျံ့နှံ့ ထွက်ပေါ်လာပါတယ်။
အဲဒီရုပ်သံဖိုင်ထဲက ရဟတ်ယာဉ်ဟာ ဒီနှစ်အစပိုင်း ဇန်နဝါရီလတုန်းက ဝိုင်းမော်မှာ မီးလောင် ပျက်ကျတဲ့ သယ်ယူပို့ဆောင်ရေး အမျိုးအစား ရုရှားထုတ် MI-17 ရဟတ်ယာဉ် ဖြစ်ပြီး KIA တပ်ဖွဲ့က ပခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ရုပ်သံဖိုင်ထဲမှာ ပခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်တာက နမ့်မမြစ်ပေါ်မှာတည်ဆောက်နေတဲ့ မန်တုံရေကာတာစီမံကိန်းနဲ့ မျက်နှာချင်းဆိုင်ကနေ မီးလောင်ပျက်ကျတဲ့အထိ အစအဆုံး မြင်ရတဲ့ ဗီဒီယိုဖိုင်ဖြစ်ပြီး တရုတ်ထုတ် ပခုံးထမ်းလေယာဉ်ပစ် FN-6 နဲ့ ပစ်ချတာဖြစ်တယ်လို့ စစ်လက်နက် တွေ လေ့လာနေတဲ့ Tactical Raptor 2.0 မှာ အခိုင်အမာ ရေးသားထားပါတယ်။
တရုတ်နိုင်ငံထုတ် FN-6 လို ပခုံးထမ်းလေယာဉ်ပစ်တွေဟာ ရဟတ်ယာဉ်လိုမျိုး အရှိန်နှေးတာတွေ ကို ထိရောက်မှု အားကောင်းပေမဲ့ တိုက်လေယာဉ်တွေလို အမြင့်ပျံတာနဲ့ အရှိန်မြန်တာမျိုးကို ပစ်ခတ်ရင် ထိရောက်မှု သိပ်မကောင်းနိုင်ဘူးလို့လည်း Tactical Raptor 2.0 ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ဝိုင်းမော်မြို့နယ် အရှေ့တောင်ဘက် နားဖော့ရွာအနီးမှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ်မှာပါတဲ့ DSA ၄၅ ကျောင်းဆင်း ဗိုလ်မှူး ဇော်မျိုးသန့် အပါအဝင် တပ်ဖွဲ့ဝင် ၈ ယောက် သေဆုံးခဲ့တယ်လို့ မီဒီယာတွေ ဖော်ပြခဲ့ပါတယ်။