Home
အားကစား
ဂိုး ၉၀၀ သွင်းနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ရော်နယ်ဒို စံချိန်တင်
DVB
·
September 6, 2024
Photo-Reuters

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဂိုးပေါင်း ၉၀၀ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။

ရော်နယ်ဒိုဟာ ခရိုအေးရှားနဲ့ကစားခဲ့တဲ့ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပြိုင်ပွဲမှာ ၉၀၀ မြောက်ဂိုး သွင်းနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ပွဲမှာ နူနိုမန်ဒက်စ်ရဲ့ ပေးပို့မှုကို အနီးကပ် ဗော်လီကန်သွင်းပြီး သူ့ကစားသမားဘဝတလျှောက် ၉၀၀ မြောက်ဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် ဂိုးပေါင်း ၈၀၀ ပြည့်အောင် ပထမဆုံး စွမ်းဆောင်နိုင်တဲ့ ကစားသမားဖြစ်သလို ဂိုးပေါင်း ၉၀၀ ပြည့် မှတ်တိုင်သစ်စိုက်ထူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်ပါတယ်။

“ဂိုး ၁,၀၀၀ ပြည့်အောင် သွင်းချင်ပါတယ်။ ကျနော့်အတွက်တော့ ဘောလုံးသမိုင်းမှာ ဂိုးပေါင်း ၉၀၀ ပြည့်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အကောင်းဆုံးအမှတ်အသားကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂိုး ၉၀၀ သွင်းပြီးတော့ ဂိုး ၁,၀၀၀ သွင်းနိုင်ဖို့က ကျနော့်ရဲ့ စိန်ခေါ်မှုပါ။ ဒဏ်ရာမရဘူးဆိုရင် ဂိုး ၁,၀၀၀ သွင်းနိုင်ဖို့က ကျနော့်အတွက် အရေးကြီးဆုံးအရာ ဖြစ်လာမှာပါ” လို့ ရော်နယ်ဒိုက ပြောပါတယ်။

ချန်ပီယံလိဂ်မှာ ၁၄၁ ဂိုးနဲ့ စံချိန်တင်ထားတဲ့ ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်း အတွက်လည်း ဂိုးပေါင်း ၁၃၁ ဂိုးနဲ့ လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ လက်ရွေးစင်အသင်းအတွက် ၁၃၁ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ဂိုး ၄၅၀၊ မန်ချက်စတာယူနိုက်တက်အတွက် ၁၄၅ ဂိုး၊ ဂျူဗင်တပ်အတွက် ၁၀၁ ဂိုးနဲ့ လက်ရှိကလပ် အယ်နာဆာအတွက် ၆၈ ဂိုး၊ ပထမဆုံးအသင်းဖြစ်တဲ့ စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုး သွင်းယူခဲ့သူဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကတော့ ဂိုးအများဆုံးသွင်းသူ စာရင်းမှာ ၈၅၉ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တန်းဂိုးသွင်းသူစာရင်းမှာ ဘရာဇီးဂန္ထဝင်ကစားသမား ပီလီက ၇၆၂ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ဘရာဇီးတိုက်စစ်မှူး ရိုမာရီယိုက ၇၅၅ ဂိုးနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။

ပီလီဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် နှစ်ပေါင်း ၅၀ ကျော် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့စံချိန်ကို ရော်နယ်ဒိုနဲ့ မက်ဆီ ၂ ယောက်တည်းကသာ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီပြီးရင် လက်ရှိကစားနေတဲ့ ကစားသမားတွေအနက် ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါ့စကီးက ကစားသမားဘဝတလျှောက် ဂိုးပေါင်း ၆၃၅ ဂိုးနဲ့ သမိုင်းတလျှောက် ကမ္ဘာ့ဂိုးအများဆုံးသွင်းသူစာရင်းမှာ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ၅၇၈ ဂိုးနဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။

နိုင်ငံတကာဘောလုံးသမိုင်းနဲ့ စာရင်းပြုစုရေးအဖွဲ့ IFFHS ရဲ့ ဖော်ပြမှုအရ ထိပ်တန်းအဆင့် နိုင်ငံတကာနဲ့ ကလပ်အသင်းတို့မှာ ဂိုးပေါင်း ၅၀၀ ပြည့်အောင် သွင်းနိုင်တဲ့ ကစားသမား ၂၄ ယောက်သာ ရှိတယ်လို့ သိရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013