Home
မြန်မာသတင်း
ထိုင်းကို အခွန်လွတ် ပြောင်းတင်ပို့ခွင့် ပြီးဆုံးသော်လည်း ပြောင်းဈေး ဆက်မာနေ
DVB
·
September 5, 2024

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပြောင်းဆန်တွေ ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကာလက ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်မှာ ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ထိုင်းကို တင်ပို့ခွင့်ကာလ ပြီးဆုံးပြီးနောက်မှာ အိန္ဒိယနဲ့ ဗီယက်နမ်ကို ပြောင်းတင်ပို့မှု ဆက်လုပ်ဖို့ရှိတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။

“ထိုင်းဘက်က အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ အချိန်ကတော့ ပြီးသွားပြီပေါ့နော်။ ဒါပေမဲ့လည်း ပင်လယ်ရေကြောင်းကနေ တခြား စာချုပ်ရှိထားတဲ့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို ဆက်ပြီး‌တော့ တင်ပို့သွားမယ်။ ပြည်တွင်း အစာစက်တွေ ရှိမယ်။”

အခုနှစ်မှာ ရှမ်းမြောက်အပါအဝင် ပြောင်းစိုက်ပျိုးတဲ့ ဒေသအချို့မှာ နယ်မြေ မအေးချမ်းမှု‌ကြောင့် မိုး‌ပြောင်းစိုက်ဧက‌တွေ လျော့ကျခဲ့ပြီး ကျန်ဒေသတွေမှာလည်း စိုက်ပျိုးစရိတ် ကုန်ကျမှုများပြီး ဈေးနှုန်း တွက်ခြေမကိုက်တာတွေကြောင့် မိုးပြောင်းစိုက်ပျိုးမှု လျော့ကျခဲ့တယ်လို့ ပြောင်းစိုက်တောင်သူတွေဆီက သိရပါတယ်။

ပြည်တွင်း ပြောင်းထွက်ရှိမှု လျော့ကျခဲ့ပေမဲ့ ပြည်ပဝယ်လိုအားက ဆက်ရှိနေပြီး ပြည်တွင်း မွေးမြူရေး အစာစက်ရုံတွေရဲ့ ပုံမှန်ဝယ်ယူမှုလည်း ရှိနေတာကြောင့် ပြောင်းဈေး ဆက်ကောင်းနိုင်တယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

အခုနှစ် မေလကုန်ပိုင်းက ရန်ကုန်ဈေးကွက်မှာ ပြောင်းဆန် ၁ ပိဿာကို ငွေကျပ် ၁,၃၀၀ အောက်မှာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ၁ ပိဿာကို ၁,၇၅၀ ကျပ်အထိ မြင့်တက်နေပါတယ်။

နိုင်ငံခြား သင်္ဘောတင် FOB ပေါက်ဈေးကတော့ ၁ တန်ကို အမေရိကန် ဒေါ်လာ ၂၇၀ ကနေ ၂၈၀ ကြား ရှိပါတယ်။ လက်ရှိမှာ ဈေးကွက်ထဲ ပြောင်းလက်ကျန် ‌နည်းနေပြီး ဈေးကတော့ ဆက်ပြီး တက်ရိပ်ပြနေဆဲပါ။

မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှာ လက်ရှိ ပြောင်းဖူးစေ့ ဗမာ ၅၄ ပိဿာ တအိတ်ကို ကျပ် ၈၂,၀၀၀ ကနေ ၈၃,၀၀၀ ကြား ပေါက်ဈေးရှိပြီး ပြောင်းဖူးစေ့ (ရှမ်း) ကလည်း ၅၄ ပိဿာ တအိတ်ကို ကျပ် ၈၆,၀၀၀ ကနေ ၈၇,၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဈေးကွက်ပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ရင် တအိတ်ကို ကျပ် ၂,၀၀၀ ကနေ ကျပ် ၃,၀၀၀ ဝန်းကျင် တပတ်အတွင်း ဈေးထပ်မံမြင့်တက်လာပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ပြည်ပကို ပြောင်းတင်ပို့ရာမှာ အရင်က ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို နယ်စပ်ကနေ အဓိက အများဆုံး တင်ပို့နေတာဖြစ်ပြီး ပင်လယ်ရေကြောင်းကလည်း ပြည်ပနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိက နိုင်ငံတွေကို အထိုက်အလျောက် တင်ပို့ပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ နယ်မြေမတည်ငြိမ်မှုကြောင့် တရုတ်နဲ့ ထိုင်းနိုင်ငံကို နယ်စပ်ကတဆင့် ပြောင်းတင်ပို့မှု မရှိသလောက် ဖြစ်ခဲ့ပြီး ထိုင်းဘက်ကိုတော့ ရန်ကုန်-ကော့သောင်း-ရနောင်း ကုန်သွယ်ရေးလမ်းကြောင်းကနေ ပြောင်းလဲတင်ပို့နိုင်ခဲ့ပါတယ်။

ပြောင်းကုန်သည်တယောက်က “အရင်ကတော့ နယ်စပ်က အဓိကသွားတာ။ အခုနှစ်က နယ်စပ်လမ်းကြောင်းကနေ တင်ပို့တာ မရှိသလောက် နည်းပါတယ်။ ရေကြောင်းကပဲ အားထားတင်ပို့နေတာပါ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်း‌ပြောင်းထွက်ရှိမှုက တနှစ်ကို ပျမ်းမျှ တန်ချိန် ၂ သန်းကနေ ၃ သန်းအကြားရှိပြီး အခုနှစ်ရာသီမှာ ထိုင်းနိုင်ငံကို ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013