ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နယ်၊ ထီသိမ်ရွာမှာ စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီလောက်က ချောင်းဖြတ်ကူးတဲ့ သားအမိ ၂ ယောက် တောင်ကျချောင်းရေ ထိုးတက်လာတာကြောင့် မျောပါသေဆုံးခဲ့တယ်လို့ အောင်ပန်းနာ/ကူအသင်းက ပြောပါတယ်။
လူသေဆုံးခဲ့တဲ့ အဆိုပါချောင်းမှာ ချောင်းရေ ခြေချင်းဝတ်လောက်သာ ရှိနေတဲ့အပြင် မိုးရွာတာလည်းမရှိဘဲ ရုတ်တရက် ချောင်းရေထိုးတက်လာပြီး အသက် ၂၄ နှစ်အရွယ် မနန်းနော်နဲ့ ၆ လအရွယ် သမီးလေးတို့ မျောပါသွားခဲ့တာ ဖြစ်ပါတယ်။
အောင်ပန်းနာရေးကူညီမှုအသင်း တာဝန်ရှိသူက “သူတို့ ယာလုပ်ပြီး ပြန်ဆင်းလာတာ။ အားလုံး ၄ ယောက်။ ချောင်းအကူးမှာ ရေ ရုတ်တရက်ကြီးပြီး မျောသွားတာ။ ယောကျ်ားလေး ၂ ယောက်က ပြန်တက်နိုင်တယ်။ သူတို့ ဒဏ်ရာနည်းနည်းပါးပါး ရတယ်။ ကလေးအမေက ကလေးလေးကို နောက်ကျောပိုးထားရင်း ပါသွားတာ။ DB (ရုပ်အလောင်း) ကတော့ ကလေးအမေကို ချောင်းထဲ ပြန်တွေ့တယ်။ ကလေးက မတွေ့သေးဘူး” လို့ ပြောပါတယ်။
ရွာသားတွေ ပြန်ရှာတွေ့ထားတဲ့ မနန်းနော်ရဲ့ ခေါင်းနဲ့ မျက်နှာမှာ ထိခိုက်ဒဏ်ရာတွေ ရရှိ သေဆုံးနေပြီး ၆ လသမီး မိန်းကလေးရဲ့ ရုပ်အလောင်းကိုတော့ ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။