Home
မြန်မာသတင်း
မြဝတီမြို့တောင်ဘက် စွယ်တော်ကုန်းတပ်စခန်းကို  KNLA ပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့ တိုက်ခိုက်
DVB
·
September 5, 2024

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို  စက်တင်ဘာ ၄ ရက် ည ၁၀ နာရီလောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေက ဒရုန်းဗုံးကြဲပြီး ဝိုင်းဝန်းပိတ်ဆို့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ မြေပြင် ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၁၀ ရက်တည်းက စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ လေးကေ့ကော်မြို့သစ်အနီးက  စွယ်တော်ကုန်းစခန်းကို  KNLA ပူးပေါင်းစစ်ကြောင်းတွေက  လူ၊ လက်နက်ခဲယမ်းဖြည့်တင်း မရအောင်  ဝိုင်းဝန်းပိတ်ဆို့ထားပြီးနောက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က “စွယ်တော်ကုန်းကို တက်လုံးတာတော့ အခုချိန်ထိ မရှိသေးဘူး။ ဒရုန်းတွေကို ညတိုင်းချတယ်။ နေသာရင် ချတယ်။ ညက အသံအကျယ်ကြီးက ကျနော်တို့ဘက်က ဒရုန်းချတာ။ နောက်ပိုင်းက နည်းပညာမြင့်လာတော့ ထိရောက်မှုတွေရှိတယ်။ စကစဘက်က လက်နက်ကြီးတွေ ရမ်းပစ်တယ်။ ကျနော်တို့ သိရသလောက် စကစဘက်က အလုံးကြီးတွေ ထိတယ်”လို့ ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်းမှာတော့ နှစ်ဖက် လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ညက တော်လှန်ရေးဘက်က ဒရုန်း အတွဲလိုက်ချတယ်။ စကစဘက်ကလည်း လက်နက်ကြီးရမ်းသန်းပစ်ခတ်တာ မင်းလက်ပံရွာအပြင် သချိုင်းမှာ သွားကျတယ်။ ဒီမနက်လည်း လက်နက်ငယ်သံတွေ ကြားနေရတယ်။ လေယာဉ်တော့ မလာဘူး”လို့ ပြောပါတယ်။

မတ် ၁၀ ရက် ညနေ ၅ နာရီက စစ်ကောင်စီရဲ့ မဆုတ်တမ်း ခံစစ်စခန်းဖြစ်တဲ့ ဖလူးစခန်းကို KNLA ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာစစ်ကြောင်း ၂ VENOM ပူးပေါင်းစစ်ကြောင်းတွေ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စွယ်တော်ကုန်းစခန်းကို စက်တင်ဘာ ၅ ရက်ထိ ဝိုင်းဝန်းပိတ်ဆို့ ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013