Home
မြန်မာသတင်း
မြဝတီတွင် စစ်ကောင်စီက တပ်အင်အားဖြည့် စစ်ရေးပြင်နေသဖြင့် တိုက်ပွဲဖြစ်မှာ စိုးရိမ်
DVB
·
August 29, 2024

မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့မှာ စစ်ကောင်စီက တပ်အင်အားဖြည့်တင်းပြီး စစ်ရေးပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားမှာကို စိုးရိမ်တယ်လို့  မြဝတီမြို့ခံတွေက ပြောပါတယ်။

မြဝတီမြို့အနီးက စစ်ကောင်စီရဲ့ ခမရ ၃၅၅၊ ခမရ ၃၅၆၊ ခမရ ၃၅၇၊ ခလရ ၂၇၅၊ သင်္ဃန်းညီနောင်ဗျူဟာကို ဧပြီ ၁၀ ရက်က KNLA ပူးပေါင်းစစ်ကြောင်းတွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် ထပ်မံပြီး မြဝတီမြို့ မကျရေး ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းခဲ့ပါတယ်။ မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေကို အင်းအားဖြည့်တင်းပြီး စစ်ရေး ပြင်ဆင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံပြည်သူတဦးက “မြဝတီမြို့အခြေအနေက ငြိမ်နေတဲ့အနေအထားရှိပေမဲ့ များသောအားဖြင့်က စိုးရိမ်သောကတွေက ရှိကြတယ်။ မနက်တုန်းက ကြံခင်းဘက်တို့  ဈေးကြီးအမှတ် ၅ ဘက်တွေ လက်နက်ပစ္စည်းအပြည့်အစုံနဲ့ စစ်သားတော်တော်များအသင့် နေရာယူထားတဲ့ ပုံစံမျိုးတွေနဲ့ လှုပ်လှုပ်ရှားရှားလေးတွေ ရှိတာတွေ့ရတယ်။ ခါတိုင်းနဲ့မတူတဲ့ ပုံစံအခြေအနေမျိုးတွေ တွေ့ရတယ်။  တခုခုကို  စစ်ဆင်ရေးလုပ်နေသလို တခုခု သတင်းရလို့ ပြင်ဆင်နေတဲ့ပုံ ဖြစ်နေတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့မှာ တရားဝင် မာရှယ်လော ထုတ်ထားတာမရှိပေမဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သွားလာလို့မရတဲ့အပြင် လုံခြုံရေးအဖွဲ့တွေက မနက် ၆ နာရီအထိ မရုပ်သိမ်းဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မြဝတီမြို့ကို စစ်ရေးပြင်ဆင်တာမဟုတ်ဘဲ နောက်ထပ် မြို့သိမ်းတိုက်ပွဲတွေ ထပ်မဖြစ်ရအောင် စစ်ကောင်စီတပ်တွေ အင်အားတိုးတယ်ဆိုတာ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဒါတော့ လုံခြုံရေးယူပေးတဲ့ သဘောလောက်ပါ။ စစ်ရေး ပြင်ဆင်တယ်လိုတော့ မဟုတ်ပါဘူး။ နောက်ထပ် ထပ်မဖြစ်ရအောင် BGF အဖွဲ့တွေနဲ့ လုံခြုံရေးယူထားပေးတဲ့ သဘော။ လုံခြုံရေးအတွက်ကတော့ သူတို့ဒီလိုပါပဲ။ နောက်ထပ် မြို့သိမ်းတိုက်ပွဲတွေ ထပ်မဖြစ်ရအောင် အင်အားတိုးတယ်ဆိုတာ ဖြစ်နိုင်တယ်။”

ဒါအပြင် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ကော့ကရိတ်-မြဝတီ( အာရှ)လမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် လမ်းပိတ်တာ၊ မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ ကုန်သည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။

မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာကြောင့် ကော့ကရိတ်-မြဝတီ(အောက် ဗိုလ်တဲ)လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်လာရင် သွားလာမရတာကြောင့် ကုန်သွယ်မှုတွေ ရပ်နေရမယ့် အခြေအနေမှာရှိတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “ကုန်စည်စီးဆင်းမှုက နည်းနည်းပါးပါး သွားလာနေကြတယ်။ စစ်ရေး တအားကြမ်းလာရင် ကုန်သွယ်မှုက မရှိတော့ဘူး။  ဒီဘက်မှာ ရပ်ကုန်မယ်။ တိုက်ပွဲမဖြစ်ခင်တော့ သွားလာလို့ရသေးတယ်။ တိုက်ပွဲဖြစ်လာရင် ကုန်သွယ်မှုက ရပ်နေမယ့် အခြေအနေမှာရှိတယ်”လို့ ပြောပါတယ်။

နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေးနဲ့  စစ်ကြောင်းထိုးဝင်ရောက်လာတာ ၃ လနီးပါး ကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်‌တဲ့အပြင် KNLA ပူးပေါင်းစစ် ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အထိနာခဲ့ပါတယ်။ 

ဒါအပြင် ဒီဇင်ဘာ ၁ ရက်ကစတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ ကျော် ထိမှန်သေဆုံးခဲ့ပြီး စစ်ရှောင်ပြည် သူတွေရဲ့နေအိမ် ၅၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ  ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013