Home
နိုင်ငံတကာ
လစ်ဗျားဘဏ် အကျပ်အတည်းကြောင့် ဝန်ထမ်းလစာပေးရန် ခက်ခဲနေ
DVB
·
September 5, 2024
Photo - REUTERS/Aymen Sahli

လစ်ဗျားနိုင်ငံတွင်း အစိုးရလွှတ်တော်နဲ့ စစ်တပ် နှစ်စုံ ရှိနေပြီး နှစ်ဖက်စလုံးက ဗဟိုဘဏ်အပေါ် ထိန်းချုပ်ဖို့ ​ကြိုးစားနေလို့ နိုင်ငံတဝန်းက ဘဏ်တွေ၊ ဈေးဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရှုပ်ထွေးမှုတွေ၊ အကြောက်တရားတွေနဲ့ ငွေလွှဲမှု အခက်အခဲတွေ ဖြစ်ထွန်းလာနေပြီး အခြေအနေက ပိုမိုဆိုးရွားလာနိုင်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့  ကုလသမဂ္ဂက ပြိုင်ဘက်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အစည်းအဝေးတွေ ကျင်းပနေပေမဲ့ သာမန်အပေးအယူ အများအပြားက ဖြစ်နိုင်ပုံမပေါ်ဘဲ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာအများအပြားကို မပေးချေရသေးဘူးလို့ ရိုက်တာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့တဲ့ လစ်ဗျားပြည်သူတွေက ပြောခဲ့ပါတယ်။

သမ္မတကောင်စီအကြီးအကဲ မိုဟမ်မဒ် အယ်လ်မန်ဖီက လစ်ဗျားဗဟိုဘဏ် (CBL) အုပ်ချုပ်ရေးမှူး ဆာဒစ်ခ် အယ်လ်ခါဘီယာကို ရာထူးကနေ ထုတ်ပယ်ပြီး လက်ရှိ စည်းမျဉ်းတွေအောက်မှာ ဥပဒေပြုအဖွဲ့တွေအတွက် သီးသန့်ဆုံးဖြတ်ချက်အဖြစ် ဘုတ်အဖွဲ့သစ်ကို ခန့်အပ်ခဲ့တယ်လို့ ပြောခဲ့အပြီးမှာ အကျပ်အတည်း စတင်ခဲ့ပါတယ်။

လစ်ဗျားအနောက်ဘက်ခြမ်းမှာရှိတဲ့ ထရီပိုလီမြို့တော်အခြေစိုက် အစိုးရကို ဖိအားပေးဖို့ လစ်ဗျား အရှေ့ပိုင်းကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေက ရေနံထုတ်လုပ်မှုနဲ့ ပို့ကုန်အများစုကို ပိတ်ဆို့ထားတဲ့ ဒီလှုပ်ရှားမှုကို ခါဘီယာက ပယ်ချခဲ့ပါတယ်။

ဘုတ်အဖွဲ့သစ်ကို CBL အဆောက်အအုံမှာ ဖွဲ့စည်းခဲ့ပေမဲ့ ခါဘီယာက ဘဏ်ရဲ့ဝက်ဘ်ဆိုက်ကို ထိန်းချုပ်ထားပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ဘုတ်အဖွဲ့အသစ်ဟာ အရောင်းအ၀ယ်လုပ်ဖို့လိုတဲ့ ကုဒ်တွေကို လွှဲပြောင်းပေးဖို့ ခါဘီယာကို ပြီးခဲ့တဲ့ သီတင်းပတ်က တောင်းဆိုခဲ့ပါတယ်။

လစ်ဗျား အနောက်ပိုင်း အာဏာပိုင်တွေက ဘဏ်တွေကို အလုပ်သမားတွေရဲ့ လစာတွေပေးဖို့ ပြောခဲ့ပေမယ့် CBL က နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးဖို့ကို စီမံဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိပြဿနာတွေရဲ့ ထိပ်ဆုံးကို ရောက်လာတဲ့ အကျပ်အတည်းကတော့ လစ်ဗျားမှာ နှစ်ပေါင်း များစွာ ကြာအောင် ငွေသား ပြတ်လပ်နေတာပါ။

ဘဏ်စာရင်းထဲမှာ ငွေအများအပြားရှိတဲ့လူတွေအတွက်တောင် လစ်ဗျားငွေ ဒိုင်နာနဲ့ အမေရိကန် ဒေါ်လာငွေစက္ကူတွေ နှစ်ခုစလုံးရဖို့ ခက်ခဲနေပါတယ်။

အဓိက ရေနံချက်စက်ရုံတွေဆီကို ရေနံမြေတွေကနေ ရေနံစိမ်း ပံ့ပိုးနိုင်စွမ်း ပိတ်ပင်ချက်နဲ့ မှောင်ခိုလုပ်ငန်း ပေါင်းစပ်ပြီး ရုတ်တရက် လောင်စာ ပြတ်လပ်နေလို့ လောင်စာဆီဆိုင်တွေမှာ တန်းစီနေတဲ့ ကားတန်းလည်း ရှည်လျားလာခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013